ဘိုင်ယန် ကစားသမားတွေ အပါအဝင် နွေမှာ ခေါ်ယူဖို့ မန်ယူ စာရင်းလုပ်ထားတဲ့ ပစ်မှတ် ၄ ဦး အမည်များ ထွက်ပေါ်လာ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ကစားသမား ၄ ဦး ကို စာရင်းပြုလုပ်ထားပြီး အဲ့ဒီထဲမှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကျန်နေတဲ့ ကစားသမားတွေကို စောင့်ကြည့် ပါဝင်နေတာဖြစ်ပါတယ်။
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးအခြေအနေကြောင့် လာမယ့်နွေရာသီမှာ အသင်းပေါ်လစီနဲ့ အဆင်ပြေမယ့် ကစားသမားတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာဂျင် ရက်ကလစ်ဖ် ရောက်လာမှုနဲ့အတူ နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ပစ်မှတ်စာရင်းထဲမှာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကစားသမား ကင်မစ်ချ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နွေရာသီမှာ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပါတယ်။
ဂျာမန်သားကို မန်စီးတီး၊ လီဗာပူးနဲ့ နယူးကာဆယ်တို့ကလည်း ယခင်တုန်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ်လည်း ဘိုင်ယန် စတားတစ်ဦးဖြစ်တဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ကနေဒါသားဟာ ရီးရဲလ်ကိုပြောင်းဖို့ အသည်းအသန်ချိတ်ဆက်နေတာဖြစ်ပြီး စာချုပ်သက်တမ်းတမ်းဖို့ အဆင်မပြေခဲ့ရင် အသင်းကနေ ထွက်ခွာနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ နိုက်စ်စတား သူရမ်တို့လည်း ယူနိုက်တက်ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဒေးဗစ်ကတော့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မှာဖြစ်ပြီး လိုင်လီအတွက်တော့ ဒီရာသီ ၂၈ ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။
သူရမ်ကလည်း နိုက်စ်အသင်းရဲ့ အဓိက ကွင်းလယ်လူအဖြစ် ခြေစွမ်းပြနေပြီး အဆိုပါကလပ်ဟာ ဆာဂျင်မီပိုင်ဆိုင်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ယူနိုက်တက်အတွက် ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။