အိုးထရက်ဖို့ဒ်ကို စွန့်ပြီး မန်ယူ ခေတ်သစ် ထောင်ချင်တဲ့ ရက်ကလစ်ဖ် ရဲ့ အစီအစဉ် ခြေလှမ်းစတင်ပါပြီ
မန်ယူအသင်းပိုင်ရှင်သစ် ဖြစ်လာတဲ့ ဆာဂျင်ရတ်ကလစ်ဖ်ဟာ သူ အသင်းကို စတင် ဝယ်ယူစဉ်တုန်းက မန်ယူအသင်းကို ကြီးကြီးမားမား တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပေးခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။
အခုတော့ အဲ့ဒါကို လက်တွေ့ စတင်အကောင်ထည်ဖော်နေပါပြီ။ ရတ်ကလစ်ဖ်ဟာ တစ်ခြားပြိုင်ဘက် အသင်းတွေနဲ့ ယှဉ်ရင် အများကြီးနောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးကို စွန့်လွှတ်ပြီးတော့ အသင်းအတွက် ကွင်းသစ်ကြီးတစ်ခု ဆောက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီကွင်းသစ်ကြီးဟာ အိုးထရက်ဖို့ဒ်ကွင်းနဲ့ ကပ်ရပ်အနေအထားမှာပဲ ဆောက်လုပ်သွားမာ ဖြစ်ပြီး၊ ရတ်ကလစ်ဖ်အနေနဲ့ အဲ့ဒီကွင်းကို “ မြောက်ပိုင်းရဲ့ ဝင်ဘာလေကွင်း ” အဖြစ်ပါ တည်ဆောက်ချင်နေတာပါ။
ဝင်ဘာလေကွင်းကြီးဟာ အင်္ဂလန်နိုင်ငံမှာ အကောင်းဆုံး ဘောလုံးကွင်းဖြစ်ပြီး၊ ပရိသတ် ၉ သောင်းခန့် ဆံ့တဲ့ ကွင်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလို ကမ္ဘာ့အဆင့် ရှိတဲ့ ကွင်းမျိုးဟာ လန်ဒန်မှာပဲ ရှိတာကြောင့် ရတ်ကလစ်ဖ်က အင်္ဂလန် မြောက်ပိုင်းမှာလည်း အဲ့ဒါမျိုး ကွင်းတစ်ကွင်း ရှိစေချင်နေပြီး၊ တည်ဆောက်သွားဖို့အတွက် UK အစိုးရဆီကနေ ရန်ပုံငွေ အကူအညီ တောင်းခံသွားဖို့လည်း ရှိနေပါတယ်။
အဲ့ဒီအတွက် မန်ယူအသင်းဟာ သမိုင်းမှာ အောင်မြင်မှုတွေ အများကြီး ယူနိုင်ခဲ့ပြီး၊ အမှတ်တရတွေ အများကြီး ရှိခဲ့တဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးကို နောက်နှစ်အနည်းငယ်နေရင် စွန့်လွှတ်ရတော့မာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်ကွင်းကြီးဟာ နာမည်အတိုင်း အတော်လေး ဟောင်းနွမ်း အိုမင်းနေပြီ ဖြစ်ပြီး၊ ကွင်းခေါင်းမိုးက မိုးမလုံတော့တာ၊ ထိုင်ခုံတွေက ဟောင်းနေတာတွေကြောင့် တစ်ခြားကျန်တဲ့ အသင်းတွေနဲ့ ယှဉ်ရင် မျက်နှာငယ်စရာလို ဖြစ်နေခဲ့တာ ကြာပါပြီ။
ဒါကြောင့် ကွင်းသစ် တည်ဆောက်မယ် ဆိုရင် ဒါဟာ မန်ယူအသင်းအတွက်တော့ သတင်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။