အမ်ဘာပေကြောင့် မန်ယူတိုက်စစ်မှုး ရက်ရှ်ဖို့ဒ် ကို စောစော ခေါ်ယူရေး လှုပ်ရှားမှုတွေ လုပ်ဖို့ ပီအက်စ်ဂျီ စီစဉ်နေပါပြီ
ပီအက်စ်ဂျီအသင်းဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့နေရာမှာအစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် မားကက် ရက်ရှ်ဖို့ဒ်ကို ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့ပါတယ်။
ဘာပေဟာ ယခုရာသီကုန်မှာပဲ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ ပြင်သစ်သတင်းစာတွေက ဖော်ပြနေကြပါတယ်။
ဒါကြောင့် ပီအက်စ်ဂျီအနေနဲ့လည်း သူတို့ရဲ့စူပါစတားကို လက်လွှတ်ရနိုင်တဲ့အခြေအနေကို ကြိုတင် တွက်ဆ မိနေတာကြောင့် ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် တိုက်စစ်ကစားသမားဟာ ပီအက်စ်ဂျီရဲ့ပစ်မှတ်အဖြစ် အချိန်ကာလတစ်ခုအကြာ ရှိခဲ့ဖူးတာဖြစ်ပါတယ်။ ပြီးခဲ့နှစ်က ယူနိုက်တက်နဲ့စာချုပ်သစ် မချုပ်ဆိုခင်မှာလည်း အင်္ဂလန်သားဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ယခုအခါမှာ ပီအက်စ်ဂျီဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကိုခေါ်ယူဖို့အတွက် အချိန်မဖြုန်းလိုကြတာကြောင့် မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေပြုလုပ်လာဖို့ရှိနေပါတယ်။
ကနဦးက ပီအက်စ်ဂျီဟာ ဗစ်တာအိုဆီမင်ကိုပစ်မှတ်ထားနေခဲ့ပေမယ့် အခုအခါမှာ ရက်ရှ်ဖို့ဒ်ထံ မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ နာပိုလီကြယ်ပွင့်ကစားသမားကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေကလည်း ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆန္ဒရှိမရှိကိုတော့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ၂၈ ပွဲမှာ ၅ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။
မကြာသေးမီကလည်း ကစားသမားဟာ အသင်းရဲ့စည်းကမ်းကို ချိုးဖောက်ခဲ့မှုကြောင့် ဒဏ်ကြေးငွေ ပေါင် ၆ သိန်းခွဲ ပေးဆောင်ခဲ့ရပါတယ်။ ထို့နောက်မှာတော့ ယူနိုက်တက်ဘက်က ရက်ရှ်ဖို့ဒ်ဟာ သူ့အပြစ်ကို သူတာဝန်ယူပြီး ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စည်ကမ်းချိုးဖောက်ခဲ့သော်လည်း ကစားသမားဟာ အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ အဆင်ပြေနေတာကြောင့် ဝုဗ်ကို ၃-၄ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။