တစ်ရာသီ အငှား ခေါ်ထားတဲ့ တန်ဟက် တပည့်ကျော် အမ်မရာဘက် နဲ့ ပတ်သတ်ပြီး မန်ယူ ဆုံးဖြတ်ချက် ချပြီ

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေတုန်းက ဖီအိုရင်တီးနား အသင်းထံမှ တရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာတဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘက်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၇နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်က ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတော်လေး ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ယူ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ်။

ကစားသမား ကိုယ်တိုင်ကတော့ ကမ်းလှမ်းမှု များစွာထဲကပဲ သူ့ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ယူနိုက်တက်က သူ့ကို အငှားကြေး ယူရို ၉သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပါ။

အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက်ဆီ မျှော်လင့်ချက် များစွာနဲ့ ရောက်လာခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ရှိရင်းစွဲ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ တော်မီနေးနဲ့ ကိုဘီ မိုင်နူးတို့ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ပုံမှန် ကစားခွင့် ရရှိဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် ယူနိုက်တက်က အမ်မရာဘက် ကို ရာသီကုန်ချိန်မှာ အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အမ်မရာဘက်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ အထိ ပါဝင် ကစားပေးထားနိုင်ပေမယ့် ပွဲအများစုမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့သလို အခုချိန်အထိ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ မရသေးပါဘူး။

ESPN ရဲ့ ပင်တိုင် သတင်းထောက် ရော့ဘ် ဒေါ်ဆန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ရာသီကုန်ချိန်မှာ အမ်မရာဘက်ကို အပြီးသတ် မခေါ်ယူတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရှိရပါတယ်။