ခြေစွမ်းတွေ ပြနေတဲ့ မန်ယူ လူငယ်ကြယ်ပွင့် ၃ ဦးကို ပရိသတ် သိပ်ကြိုက်နေပေမယ့် လိုသေးတယ်လို့ တန်ဟက် သတိပေးစကား ဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဒီအပတ် အက်စတွန်ဗီလာနဲ့ ကန်မယ့် ပွဲ မတိုင်ခင် မန်ယူ လူငယ် မျိုးဆက်သစ် ကစားသမားလေးတွေ အား သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လူငယ် ကစားသမား ၃ ဦး ဖြစ်ကြတဲ့ ဂါနာချို ၊ ဟော့ဂျ်လန်း နဲ့ ကော့ဘီ မိုင်နူး တို့ဟာ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေခဲ့ကြပြီး အသင်းအတွက် အားကိုးရလောက်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ကြပါတယ်။

လက်ရှိရာသီမှာတော့ သူတို့ ၃ ဦးဟာ ၈ ကြိမ်အထိ အတူ ပွဲထွက် ကစားခဲ့ကြပြီး ၅ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ကြပါတယ်။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ လူငယ်တွေအပေါ် မျှော်လင့်ချက်တွေ ထားလာကြတာပါ။

နည်းပြ အဲရစ် တန်ဟတ် ကတော့ သူတို့ သုံးဦး တွဲဖက် ကစားရတာကို နှစ်သက်ကြပေမယ့် တိုးတက်ဖို့ လိုသေးကြောင်း ဗီလာ ပွဲကြိုမှာ ထုတ်ဖော် ပြောခဲ့ပါတယ်။

” သူတို့ ၃ ဦး အတူ တွဲဖက်ကစားရတာကို ပျော်ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့တွေဟာ စွန့်စားမှုတွေကို လုပ်ပြနိုင်ပြီး ပြိုင်ဖက် အသင်းကို အန္တရာယ်ပေးနိုင်သူတွေပါပဲ။ သူတို့တွေဟာ လူငယ် ကစားသမားတွေပဲ ဖြစ်ကြပါသေးတယ် ”

” ဒီလို ကစားသမားလေးတွေ ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အနာဂတ်ကြီးဟာ ရှေ့ဆက်ပြီး တောက်ပလာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ ပါရမီကောင်းတွေကို ဆက်လက် ထူးကဲအောင် ကြိုးစား လုပ်ပြရပါ့မယ် ”

” သူတို့ တိုးတက်လို့ ရနိုင်တဲ့ နေရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်တွေမှာ ကစားဖို့ဆိုရင် ဆက်လက် တိုးတက်အောင် လုပ်ဖို့က မဖြစ်မနေ လိုအပ်နေမှာပါပဲ။ ဒီအသင်းက ရည်မှန်းချက် ကြီးမားတဲ့ အသင်းမို့ သူတို့ ကြိုးစားရပါလိမ့်မယ် ”

” သူတို့ရဲ့ ခြေစွမ်း ပိုကောင်းပြီး တည်ငြိမ်နေဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း သူတို့ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့ တကယ်ပဲ အရေးကြီးလှပါတယ် ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ်။