ဘောလောက ကနေ လက်ဝှေ့လောကထဲ ဝင်တော့မယ့် မန်ယူ တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီ

မန်ယူ ဂန္တဝင် ဝိန်းရွန်းနီ ဟာ ဘောလုံးလောကမှ လက်ဝှေ့လောကသို့ ဝင်ရောက်ကာ ပရော်ဖက်ရှင်နယ်ဘဝ ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး ရွန်းနီ ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ဇန်နဝါရီလတုန်းက ဘာမင်ဂမ်ကို ၁၅ ပွဲတည်းသာ ကိုင်တွယ်ပြီး ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခံရပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

ယခု ဝိန်းရွန်းနီဟာ Misfits လက်ဝှေ့ပွဲတွင် ဝင်ရောက်ထိုးသတ်ပြီး ကြီးမားတဲ့ ပရော်ဖက်ရှင်နယ်ဘဝအပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

Mirror ရဲ့ ဖော်ပြမှုအရ အသက် ၃၈ နှစ်ရှိ ဝိန်းရွန်းနီဟာ KSI ရဲ့ နာမည်ကျော် လက်ဝှေ့စီးရီးအား စီစဉ်သူ ကယ်လီဆူအာလန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

ဝိန်းရွန်းနီဟာ လက်ဝှေ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကစားသမားဘဝတုန်းက နေအိမ် လက်ဝှေ့ပွဲတွင် ကစားဖော် ဖီးလ်ဘရက်ဒလေရဲ့ ထိုးကြိတ်ခံရမှုကြောင့် လဲကျခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

သူဟာ ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် ယူနိုက်တက်ရဲ့ ပွဲတွင် ဂိုးသွင်းပြီးချိန်မှာ အလဲထိုးခံရတဲ့ပုံစံဖြင့် ဂိုးသွင်းအောင်ပွဲခံခဲ့ဖူးပါတယ်။