မန်ယူက သမိုင်းတလျောက် တန်ကြေးအမြင့်ဆုံး အသင်း အဖြစ် UEFA ရဲ့ စစ်တမ်းမှာ စံချိန်တင်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ 2022-23 ဘောလုံးရာသီ လူစာရင်းဟာ သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး လူစာရင်း အဖြစ် စံချိန်တင် ရပ်တည်ခဲ့ကြောင်း UEFA က အတည်ပြု ကြေညာသွားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေအနက် မန်ယူအသင်းရဲ့ ကစားသမား တန်ကြေးက ပေါင် ၁.၂၁ ဘီလီယံအထိ ရှိခဲ့ပြီး ရီးရဲလ်၊ မန်စီးတီး စတဲ့ အသင်းတွေကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပမာဏ ဟာ 2020 မှာ တန်ကြေးအကြီးဆုံး အဖြစ် စံချိန်တင်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကိုလည်း ကျော်ဖြတ်သွားခဲ့တာပါ။
မန်ယူအသင်းဟာ ၂၀၂၂ ခုနှစ်တုန်းက ကာဆာမဲရိုးကို ပေါင် သန်း ၆၀ အထိ ပေးချေခေါ်ယူခဲ့သလို နောက်ထပ်သိပ်မကြာခင်မှာပဲ အန်တိုနီကို ပေါင် သန်း ၈၀ ကျော်အထိ ပေးချေခေါ်ယူခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း မက်ဂွိုင်းယား အပြင် ဒေါ့မွန်မှ ဆန်ချိုကိုလည်း ပေါင် ၇၃ သန်းအထိ ပေးချေခဲ့ရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နွေတုန်းက ဟော့ဂျ်လန်း၊ အိုနာနာတို့ကို ထပ်မံခေါ်ယူခဲ့ပြန်တာကြောင့် ပေါင် ၁၇၅ သန်း ဝန်းကျင် ထပ်မံကုန်ကျခဲ့ပြီး ချဲလ်ဆီးမှ မေဆွန်မောင့်ကိုလည်း အပိုထပ်ဆောင်း ခေါ်ယူထားတဲ့ အသင်းဖြစ်ပါတယ်။
မန်ယူအသင်းနောက် ဈေးအကြီးဆုံး အသင်းတွေအဖြစ် မန်စီးတီး၊ ချဲလ်ဆီး နဲ့ ရီးရဲလ်အသင်းတို့က ဆက်လက် ရပ်တည်နေကြပြီး အဆိုပါ အသင်းတွေရဲ့ ကစားသမား တန်ကြေး စုစုပေါင်းကလည်း ပေါင် သန်း ၁၀၀၀ ဝန်းကျင်အထိ ကို ရှိနေကြတာ တွေ့ရပါတယ်။