လုခ်ရှော နေရာမှာ အစားထိုးဖို့ မန်ယူ ကစားသမားသစ် ခေါ်ယူဖို့ အပြိုင်အဆိုင် တိုက်တွန်းလာတဲ့ သရဲနီ ပရိသတ်များ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဗီလာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လုခ်ရှောကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူစားလဲခဲ့ပြီးနောက် ပြီးခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲမှာတော့ ရှောက ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်သားဟာ ပထမပိုင်းမပြီးခင်မှာပဲ လင်ဒီလော့ဖ်နဲ့ထပ်မံလူစားလဲခဲ့ရပြီး အရန်ခုံထက် ဥမင်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အပြီးမှာ မန်ယူ ပရိသတ်တွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပြီး ရှော နေရာ အစားထိုးဖို့ ကစားသမား ရှာဖွေသင့်တဲ့ အကြောင်း ပြောဆိုလာကြပါတယ်။
ပရိသတ်တစ်ဦးက “လုခ်ရှောထပ်လူစားအလဲခံရပြန်ပြီလား”လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ်တစ်ဦးကလည်း “သူ့ကိုဘောလုံးသမားတစ်ဦး အနေနဲ့ကော လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ပါ ချစ်ပါတယ်။ ဒါပေမယ့် လုခ်ရှောနေရာကို အစားထိုးမယ့်သူလိုအပ်နေပါပြီ”လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ်တစ်ယောက်ကလည်း “လုခ်ရှောတစ်ယောက် ဘာတွေမှားနေတာလဲ”လို့ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရှောမပါနိုင်ခဲ့ပေမယ့် လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တန်ဟက်ကတော့ ပွဲအပြီးမှာ အင်္ဂလန်သားတစ်ယောက် ဒဏ်ရာရခဲ့လားဆိုတာ အတည်မပြုခဲ့တာဖြစ်ပါတယ်။
တန်ဟက် က “ကျွန်တော်မပြောနိုင်သေးပါဘူး။ မနက်ဖြန်အထိ ဘာဖြစ်နေလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ရှင်းလင်းနေတာက သူကွင်းထဲကထွက်သွားချိန်မှာ အခြေအနေမကောင်းပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ရှောဟာ ယူနိုက်တက်ရဲ့အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အသင်းကိုအမှတ်ပေးဇယားအဆင့် ၃ နေရာအပြင် ကာရာဘောင်ဖလား ရယူနိုင်ခဲ့ရာမှာ အဓိက ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၃ – ၂၄ ရာသီမှာတော့ ရှောတစ်ယောက် ၁၄ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပါတယ်။
ရှောအခြေအနေက သေချာမသိရသေးတာကြောင့် အခြေအနေစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အရေးပါတဲ့အနေအထားကိုရောက်လာတာကြောင့် အင်္ဂလန်သားအလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပြီး လာမယ့်ဖေဖော်ဝါရီ ၂၄ မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။