ဒီပုံ အတိုင်းဆို မန်ယူ အဆင့် ၄ ရနိုင်တယ်၊ ချန်ပီယံလိဂ် ဝင်နိုင်တယ် ဆိုတဲ့ ဂယ်ရီ နဗီးရဲ့ သုံးသပ်မှု

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက်ကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ နေရာ အတွက် ပြန်လည် စိန်ခေါ်လာနိုင်ပြီ ဖြစ်ပါတယ်။

အခုဆိုရင် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၅ မှတ်ပဲ ကွာဟတော့တာမို့ ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာအတွက် စပါး၊ ဗီလာတို့ကို ကျော်ဖြတ်နိုင်မယ် လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

သရဲနီဟောင်းကြီး နဗီးက သူ့ရဲ့ အမြင်ကို အခုလို သုံးသပ် ဖော်ထုတ်လာပါတယ်။

” သူတို့ လုပ်နိုင်ပါတယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်က ရကိုရမှာပါ။ အခုဆိုရင် သူတို့ စပါးနဲ့က ၃ မှတ်ပဲကွာတယ်။ လာမယ့် ၂ ပတ်အတွင်းမှာ စပါးက ဗီလာနဲ့ ကစားရမှာပါ။ ယူနိုက်တက်ကလည်း စီးတီးနဲ့ကစားရပါမယ်။

လာမယ်ပွဲမှာ ယူနိုက်တက် အမှားမလုပ်မိဖို့လိုတယ်။ သူတို့ ဘာအမှားမှ လုပ်လို့မရဘူး။ ယူနိုက်တက်အတွက် ခရီးဝေးကြီး ရှိနေပါသေးတယ်။ သူတို့ ကစားသမားတွေ ကြံ့ခိုင်နေရင် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ပါတယ်။

ဒီရာသီမှာ မလုပ်နိုင်သေးတဲ့ ရလဒ်ပိုင်း တည်ငြိမ်မှုမျိုးကို လုပ်လာနိုင်တယ်ဆိုရင် သူတို့ အဆင့် ၄၊ အဆင့် ၅ တွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ပါတယ် ” လို့ နဗီးက ဆိုခဲ့တာ ဖြစ်ပါတယ်။