လိုင်လီ ခံစစ်ကြယ်ပွင့်၊ မန်ယူ လက်ထောက်နည်းပြကို ခေါ်ချင်တဲ့ကလပ်၊ ဂရင်းဝုဒ် ရောင်းဈေး သတ်မှတ်ခြင်းနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

မေဂျာလိဂ် ကလပ် မင်နီဆိုးတား ယူနိုက်တက် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြ အဲရစ် ရမ်ဆေး ကို နည်းပြသစ် အဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လာမယ့်နွေမှာ အသင်းထံ ပြန်လာဖွယ် မရှိတော့တဲ့ တိုက်စစ်သမား မေဆန် ဂရင်းဝုဒ် အတွက် ယူနိုက်တက် က ယူရို သန်း ၄ဝ လို့ ဈေးသတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ကို လက်ရှိ အငှားကလပ် ဂီတာဖေး အပြင် ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ တူချယ်ကို ထုတ်ပယ်ပြီး ယူနိုက်တက် နည်းပြဟောင်း အိုလေဂန်နာ ဆိုးရှားကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။

ဆိုးရှားဟာ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးသူဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လုပ်ကိုင်ဖို့ သဘောတူထားတဲ့ အားကစား ဒါရိုက်တာ ဒန် အက်စ်ဝေါ့သ် ဟာ နယူးကာဆယ် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတယ်လို့လည်း ကြားသိရပါတယ်။

ယူနိုက်တက်ဘက်ကလည်း အက်စ်ဝေါ့သ် အား အားကစား ဒါရိုက်တာ ရာထူး ခန့်အပ်ဖို့ တရားဝင် ချဉ်းကပ်မှုတွေ လုပ်ဆောင်ထားပါပြီ။

အလားအလာကောင်းတွေ ရှိထားတဲ့ လိုင်လီ ခံစစ်ကြယ်ပွင့် လီနေ ယိုရို ကို ခေါ်ယူရေးကနေ ရီးရဲလ်မက်ဒရစ်က နောက်ဆုတ်သွားတာကြောင့် ယူနိုက်တက် အရေးသာလာပါတယ်။

အသက် ၁၈ နှစ် အရွယ် နောက်ခံလူဟာ ဥရောပရဲ့ အလားအလာ အကောင်းဆုံး ဗဟိုခံစစ်မှုး အဖြစ် မှတ်ယူခံထားရပြီး ဒီတလော သီတင်းပတ်တွေ အတွင်း ယူနိုက်တက်နဲ့ သတင်းကြီးလာပါတယ်။

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာနဲ့ စပါးကို ကျော်တက်ကာ အဆင့် ၄ အတွင်း ဝင်နိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

လုခ်ရှောရဲ့ ဒဏ်ရာက ဘာလဲ သေချာ မပြောနိုင်သေးကြောင်း နည်းပြ တန်ဟက်က ဆိုခဲ့ပြီး နောက်ရက်ကျမှ သေချာ စစ်ဆေးကာ အသေးစိတ် သိရဖွယ် ရှိကြောင်း နည်းပြတန်ဟက်က အသိပေးခဲ့ပါတယ်။