ရပ်ရှ်ဖို့ဒ် – ဟွိုင်လန်း – ဂါနာချို တို့ တိုက်စစ် အတွဲ နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ထူးခြား နိုင်ပွဲ မှတ်တမ်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ပွဲတွေ ဆက်တိုက် ရယူနေပြီး လူတန်နဲ့ပွဲ အပါအဝင် ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက်အနိုင်ရခဲ့သလို ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာလည်း ၆ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေမှာ တိုက်စစ်မှူးဟွိုင်လန်းက ရပ်တန့်လို့မရအောင် ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့အပြင် လူတန်နဲ့ပွဲမှာလည်း ပရီးမီးယားလိဂ် ၆ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် – ဟွိုင်လန်း – ဂါနာချိုတို့ရဲ့ တိုက်စစ်အတွဲအဖက်က တစ်ပွဲထက် တစ်ပွဲ အချိတ်အဆက်မိလာသလို အရင်ပွဲတွေတုန်းကထက် ဟွိုင်လန်းကို ပံ့ပိုးနိုင်မှုအပိုင်းမှာလည်း ပိုကောင်းလာပါတယ်။

မနှစ်က ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာတော့ ဂိုးရဖို့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၅ ဂိုးသာ သွင်းနိုင်ပေမဲ့ ဘယ်ခြမ်းတိုက်စစ်အတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရနေဆဲပါပဲ။

လူတန်နဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ဂိုးပေါက်ကန်ချက် ၂ ကြိမ်ပြုလုပ်ခဲ့ပေမဲ့ လူတန်ဂိုးသမား ကာမင်စကီး လက်စွမ်းပြကာကွယ်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။

နောက်ပိုင်းပွဲတွေမှာ ညာခြမ်းကို ပြောင်းလဲကစားနေရတဲ့ ဂါနာချိုကလည်း မနှစ်ကထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနေပြီး ပြိုင်ပွဲစုံ ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် ဒီ ၃ ယောက်က ယူနိုက်တက်တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတွေဖြစ်နေကြပြီး စစ်တမ်းတွေ အရလည်း ရပ်ရှ်ဖို့ဒ်+ဟွိုင်လန်း+ဂါနာချိုတို့ ပွဲထွက် ကစားခွင့်ရတဲ့အခါတိုင်း ယူနိုက်တက်အသင်း ရလဒ်ကောင်းလေ့ရှိပါတယ်။

နာမည်ကျော် အားကစားရေဒီယိုသတင်းဌာနဖြစ်တဲ့ talkSPORT ရဲ့ဖော်ပြချက်အရ ဒီ ၃ ယောက်ထဲက တစ်ယောက်မဟုတ်တစ်ယောက် မပါဝင်တဲ့ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၉ ပွဲအထိရှုံးခဲ့ပြီး ၁ ပွဲပျမ်းမျှသွင်းဂိုး ၁ ဂိုးသာရှိသလို အနိုင်ရာခိုင်နှုန်း ၄၄ % ၊ ၁ ပွဲပျမ်းမျှ ရမှတ် ၁.၄ မှတ်သာရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီ ၃ ယောက်စလုံး ပါဝင်နိုင်တဲ့ပွဲတွေမှာ ယူနိုက်တက်အသင်းရဲ့ရလဒ်က သိသိသာသာကွာခြားသွားပြီး ၇ ပွဲကစား၊ လုံးဝရှုံးပွဲမရှိသလို ၁ ပွဲပျမ်းမျှသွင်းဂိုးက ၂.၄ ဂိုးအထိရှိတဲ့အပြင် အနိုင်ရာခိုင်နှုန်း ၈၆ %၊ ၁ ပွဲ ပျမ်းမျှရမှတ်ကလည်း ၂.၇ မှတ်အထိရခဲ့တာဖြစ်ပါတယ်။

ဒီရာသီပြိုင်ပွဲစုံမှာ ရပ်ရှ်ဖို့ဒ်+ဟွိုင်လန်း+ဂါနာချိုတို့ ၃ ဦးပေါင်းသွင်းဂိုးက ၂၅ ဂိုးအထိရှိနေပါပြီ။