ဟွိုင်လန်း မန်ယူတိုက်စစ်မှုး ဘဝ အရှိန်တန့်သွားခဲ့ရတာ အာဆင်နယ်နဲ့ ပွဲကြောင့် လို့ တန်ဟက် ဇာတ်ကြောင်းလှန်
ပြီးခဲ့တဲ့ လူတန်တောင်းကို အနိုင်ရတဲ့ပွဲအပြီး သွင်းဂိုး ၂ ဂိုး ရခဲ့တဲ့ ဟွိုင်လန်းနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်ရဲ့ ပြောဆိုမှုမှာ အာဆင်နယ်အကြောင်းကို ထည့်သွင်း ပြောလာခဲ့ပါတယ်။
တန်ဟက်ကတော့ ဟွိုင်လန်းသာ အာဆင်နယ်နဲ့ ပွဲတည်းက ဂိုးသွင်းနိုင်ရင် သူ့ရဲ့ မန်ယူ တိုက်စစ်မှုး ဘဝ အဖွင့်လှကာ အရှိန်ရခဲ့မယ်လို့ ယုံကြည်နေပါတယ်။

အမ်းမရိတ်မှာ အာဆင်နယ်က ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့စဉ်မှာ ဟွိုင်လန်း က ရသင့်တဲ့ ပင်နယ်တီကို ဒိုင်လူကြီးက ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။
အဆိုပါ ဖြစ်ရပ် အပါအဝင် သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ကနဦး ကာလတွေမှာ သွင်းဂိုးရဖို့ အခွင့်အရေးတွေ ရှိခဲ့မယ်ဆိုရင် ဟွိုင်လန်းက အခုထက် ပိုမြန်မြန် ခြေစွမ်းပြနိုင်မှာလို့ ယူနိုက်တက် နည်းပြက ပြောပါတယ်။
တန်ဟက်က “ အာဆင်နယ်ကို ရင်ဆိုင်ကစားတုန်းက ၁၀၀% ပင်နယ်တီရမယ့် အခြေအနေမှာ သူမရခဲ့ဘူး။ အဲ့နောက် ဘရိုက်တန်ကို ရင်ဆိုင်တုန်းက ဂိုးသွင်းခဲ့တာကလည်း ဂိုးပေးမခံရဘူး။ အဲ့တာတွေတာ သူ့ဘက်မှာ ရှိခဲ့ရင် အကူအညီဖြစ်မှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။
မန်ယူတိုက်စစ်မှုး ဟွိုင်လန်းဟာ ခရစ္စမတ် ဘောက်ဆင်ဒေးကာလက စလို့ သွင်းဂိုးတွေ ဆက်တိုက် ရယူနေပြီး အခုဆိုရင် ပွဲတိုင်းကျော် ဂိုးတွေ သွင်းယူနေပြီ ဖြစ်ပါတယ်။