ဘိုင်ယန်က ထွက်လာတော့မယ့် တူချယ်ကို မန်ယူ နည်းပြ အဖြစ် ခန့်အပ်ဖို့ သရဲနီဂန္တဝင်ကြီး တိုက်တွန်းစကား ဆို
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်တစ်ဦးဖြစ်သူ စတိဗ်ဘရုစ်ဟာ ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ် နည်းပြ တူချယ်လ်ကို မန်ယူ အသင်းနည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ အံ့အားသင့်စရာကောင်းအောင် တိုက်တွန်းခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် ဒီရာသီကုန်ကျရင် တူချယ် နဲ့လမ်းခွဲတော့မယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဘွန်ဒစ်လီဂါမှာ အဆင့် ၁ နေရာက လေဗာကူဆင်နဲ့ ၈ မှတ်အထိ ကွာဟနေပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရာခိုင်နှုန်းနည်းပါးတာကြောင့် ၂၀၁၂ နောက်ပိုင်း ဖလားလက်မဲ့ဖြစ်ရမဲ့ အန္တရာယ်ဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။
တူချယ် နဲ့လမ်းခွဲပြီးရင် ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်နည်းပြဘဝမှာ စံချိန်မှတ်တမ်းကောင်းတွေ ရယူပြနေတဲ့ စပိန်နာမည်ကျော်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
အသက် ၅၀ အရွယ်ရှိပြီဖြစ်သူ တူချယ်လ်ဟာ ချယ်ဆီးနည်းပြဘဝမှာ ချန်ပီယံလိဂ်လို ကြီးမားတဲ့ဆုဖလားအောင်မြင်မှု ရယူပေးခဲ့ပြီး အခု ယူနိုက်တက်ဂန္ထဝင် စတိဗ်ဘရုစ်က အဲရစ်တန်ဟက်သာ ရာထူးကနေ အထုတ် ခံရမယ်ဆိုရင် တူချယ် ကို နည်းပြသစ်ခန့်အပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
စတိဗ်ဘရုစ်က
“တူချယ် ဟာ ဘယ်အသင်းကိုပဲ သွားပါစေ အံဝင်နိုင်မဲ့ နည်းပြတစ်ဦးပါ။ ချယ်ဆီးမှာတုန်းက နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာက နည်းနည်း ပြင်းထန်တယ်လို့ ကျွန်တော် ယူဆပါတယ်။
ဘိုင်ယန်မြူးနစ်လို ထိပ်သီးအသင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ရင် ၃ ပွဲ ဆက်တိုက် ရှုံးလို့မရဘဲ ရှုံးပွဲဆက်လာရင် ပြဿနာတက်မှာပါပဲ။
ဒါက တူချယ် မှ မဟုတ်ဘဲ ဘယ်နည်းပြဖြစ်ဖြစ် ဒီလို ဖိအားတွေနဲ့ရင်ဆိုင်ရမှာပါ။ တူချယ် အနေနဲ့ ယူနိုက်တက်မှာသာမက ဘယ်အသင်းကိုပဲ ကိုင်တွယ်ပါစေ အဆင်ပြေမယ်ဆိုတာ ကျွန်တော် အာမခံရဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
စတိဗ်ဘရုစ်ဟာ ယူနိုက်တက်အသင်းမှာ ၁၉၈၇ ကနေ ၁၉၉၆ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်၊ FA ဖလား ၃ ကြိမ်၊ European Cup Winners’ Cup ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။