မန်ယူနဲ့ အပြောင်းအရွှေ့ သတင်းတွေ လာမေးလို့ စိတ်ဆိုးမာန်ဆိုး တုန့်ပြန်တဲ့ ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင်
ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင်ကတော့ မန်ယူအသင်းနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်လည် ငြင်းဆန်သွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်း ခံနေရပါတယ်။
ဒီဂျောင်ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာကတည်းက မန်ယူအသင်းရဲ့ ကမ်းလှမ်းမှု အကြိမ်ကြိမ် လက်ခံရရှိခဲ့သူ ဖြစ်ပြီး အဆိုပါ အချိန်တွေကတည်းက ဆက်တိုက်ငြင်းပယ်ခဲ့ကာ လက်ရှိ ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ယခုတစ်ခေါက် သတင်းစာရှင်းလင်းပွဲမှာ မန်ယူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဒီဂျောင်က ခုလို ဖြေကြားခဲ့ပါတယ်။
“ မီဒီယာတွေ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တကယ် စိတ်ဆိုးမိပါတယ်၊ အမှန်မဟုတ်တဲ့ ပုံပြင်တွေကို သူတို့က ချဲ့ကားပြီး ပြောဆိုရေးသားနေကြပါတယ်၊ ခင်ဗျားတို့ထဲက အချို့က အမြဲလိုလို မဟုတ်တာတွေပဲ ရေးသားနေကြပါတယ်။
ခင်ဗျားတို့ အဲ့လောက် အရှက်တရားကင်းမဲ့နေပုံတွေကို ကျွန်တော် တကယ် အံ့အားသင့်မိပါတယ်၊ နောက်တစ်ခုရှိသေးတယ်၊ ကျွန်တော်က ဘာစီလိုနာထံက တစ်ရာသီ ယူရို သန်း ၄၀ လောက် ရနေပါတယ်ဆိုပြီး လျှောက်ဖွနေကြပါတယ်။
တကယ်တော့ အဲ့ဒါက အမှန်တရားနဲ့ တကယ့်ကို ဝေးကွာလွန်းနေပါတယ်၊ ခင်ဗျားတို့တွေ လိမ်နေကြပါတယ် ” ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်လည် တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့တုန်းက ဒီဂျောင်ကို ပေါင် သန်း ၇၀ အထိ ပေးချေကာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချပြီး ဘာစီလိုနာမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကတော့ ယခုလာမယ့်နွေ ဒီဂျောင်ကို ထပ်မံရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။