မန်ယူ၊ လီဗာပူး၊ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ နက်တို အတွက် ဝုလ်ဗ် အသင်း ဈေးသတ်မှတ်လိုက်ပါပြီ

ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗ် အသင်းက အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးနဲ့ စပါးတို့ရဲ့ ပစ်မှတ် ကစားသမား နက်တိုကို ပြောင်းရွှေ့ကြေး ဈေးသတ်မှတ်လာပြီ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပက်ဒရို နက်တိုက ၂၀၁၉ခုနှစ်မှာ လာဇီယို ကနေ ဝုလ်ဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၇.၉သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဝုလ်ဗ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အဖြစ် ကာလရှည် ခြေစွမ်းပြနေသူပါ။

အခုလို အသင်းကြီးတွေ မျက်စိကျခြင်း ခံလာရတဲ့ကြောင့် ဝုလ်ဗ်က နက်တိုကို ပေါင် ၈၀သန်း ဝန်းကျင် ရရှိမှ ရောင်းချမယ်လို့ ဈေးသတ်မှတ်လိုက်ကြောင်း နောက်ဆုံးသတင်းတွေမှာ ဖော်ပြလာကြပါတယ်။

ပက်ဒရို နက်တိုက လျင်မြန်ကာ ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဘယ်တောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

နက်တိုက ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ရရှိထားသူပါ။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ညာတောင်ပံမှာ အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ်၊ လီဗာပူးနဲ့ စပါးတို့က သူ့ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဝုလ်ဗ်က လာမယ့် နွေဈေးကွက်မှာ နက်တိုကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် နက်တိုအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးကို လိုချင်နေပြီး ဝုလ်ဗ်က နက်တိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် တောင်းဆိုဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။

နက်တိုက အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် ဝုလ်ဗ်ကသာ နက်တိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း တောင်းဆိုမယ် ဆိုရင် နက်တိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းအရေအတွက်ဟာ နည်းပါးသွားနိုင်ပါတယ်။