သူနဲ့ နည်းစနစ်ပိုင်း ကိုက်ညီတဲ့ အာဆင်နယ်ကို ပြောင်းဖို့ တိုက်တွန်းခံရတဲ့ ရီးရဲလ်ကြယ်ပွင့်
ပရီးမီးယားလိဂ်နဲ့ လာလီဂါတို့မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း မက်မန်နာမန်းက စပိန်တိုက်စစ်သမား အဆန်စီယို အနေနဲ့ အနာဂတ်မှာ အသင်းပြောင်းမယ်ဆိုရင် အာဆင်နယ်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အဆန်စီယိုကို ခေါ်ယူဖို့ လီဗာပူးနဲ့ အာဆင်နယ်တို့က စောင့်ကြည့်နေတာဖြစ်ပြီး စပိန်သား တိုက်စစ်သမားဟာ ပွဲကစားခွင့်တွေရဖို့နဲ့ သူ့ရဲ့ ကစားဟန်နဲ့ ကိုက်ညီမယ့် အသင်းထံ ကူးပြောင်းဖို့ကို စဉ်းစားလာတော့မှာပါ။
မက်မန်နာမန်းကတော့ အူဘာမီယန်နဲ့ လာကာဇက်တီတို့ အသက်အရွယ် ရလာမှုအရ လန်ဒန်ကလပ်ကို ပြောင်းတာက ပိုမို မှန်ကန်တဲ့ ရွေးချယ်မှုလို့ ပြောဆိုခဲ့တာဖြစ်တယ်။
အဆန်စီယိုကို ခေါ်ယူဖို့ ရေပန်းစား ကလပ်တွေထဲမှာတော့ အင်္ဂလန်နဲ့ စပိန်လိဂ်မှ ကလပ်တွေအပြင် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းလည်း ပါဝင်နေသေးတာဖြစ်တယ်။ အဆန်စီယိုကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်ကလည်း စောင့်ကြည့်နေသေးတာ ဖြစ်ပါတယ်။

‘ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်မှာ ပွဲကစားချိန် လုံလောက်မှု မရှိပါဘူး။ သူ့ရဲ့ အကောင်းဆုံး ဂုဏ်သတင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ပိုကောင်းခဲ့မှာပါ။ ၂၀၁၇ တုန်းက ဂျူဗင်တပ်ကို ရင်ဆိုင်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ဘာစီလိုနာကို ရင်ဆိုင်ကစားတဲ့ စူပါဖလားပွဲတွေမှာ သိပ်လှတဲ့ သွင်းဂိုးတွေ ရယူသွားခဲ့တယ်။
အဲ့နောက်ပိုင်းမှာ သူက ဒဏ်ရာ ပြဿနာတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက အသင်းမျိုး မဟုတ်တော့ပါဘူး။ လာမယ့်နှစ်မှာ အဆန်စီယိုက စပိန်ကလပ်ကို စွန့်ခွာမယ်ဆိုရင် အာဆင်နယ်ကို ရွေးချယ်သင့်ပါတယ်။
အူဘာမီယန်က ကစားသမားဘဝ အဆုံးသတ်ကို ရောက်လာနေပြီဖြစ်တယ်။ လာကာဇက်ကလည်း တူညီတဲ့ အခြေအနေဖြစ်ပြီး ရာသီကုန်ရင် စာချုပ်ကုန်သွားတော့မှာ ဖြစ်ပါတယ်။ အဆန်စီယိုက သူ ပျော်ရွှင်စွာ ဘောလုံးကစားရမယ့် အသင်းထံ ပြောင်းရွှေ့သင့်ပါတယ်။
လာမယ့် ၁၈ လလောက်မှ သူထွက်မယ်ဆိုရင်တော့ အချိန်ပိုကြာဦးမှာပေါ့။ ဒါပေမယ့် သူက အာဆင်နယ်အကြိုက် ကစားသမားပါ။ အိုဒီဂတ်လိုပဲ ဘောလုံးကိုင်ကစားတာ ကောင်းတယ်၊ အရမ်းကြီး မြန်စရာ မလိုပေမယ့် အလှည့်တွေကောင်းတယ်၊ ဂိုးသွင်းနိုင်တယ်၊ အခွင့်အရေး ဖန်တီးနိုင်ပါတယ် ’ လို့ မက်မန်နာမန်းက သုံးသပ်သွားပါတယ်။