ဟွိုင်လန်း နာသွားချိန် အစားထိုးစရာ အရန် တိုက်စစ်မှုး မရှိတဲ့ အပေါ် မန်ယူ နည်းပြ တန်ဟက် ဆင်ခြေပေး
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ရာသီအစပိုင်းက ဟွိုင်လန်းနဲ့အတူ နောက်ထပ်တိုက်စစ်မှူးတစ်ဦး မခေါ်ခဲ့တာနဲ့ပတ်သက်လို့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အတွက် ခြေစွမ်းပြ ဂိုးတွေဆက်တိုက်သွင်းနေတဲ့ ဒိန်းမတ်လူငယ်တိုက်စစ်မှူးဟွိုင်လန်းဟာ ကြွက်သားဒဏ်ရာကြောင့် လာမဲ့ ၅ ပွဲအထိ လွဲချော်ဖို့ရှိပြီး တခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာစီယဲလ်ကလည်း ဒဏ်ရာနဲ့အနားနေရတဲ့အတွက် ဧပြီလမှ ဘောလုံးပြန်ကစားနိုင်မှာပါ။

အခုလောလောဆယ် ယူနိုက်တက်မှာ အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားနိုင်တဲ့သူ မရှိတော့လို့ အဆင့် ၄ အတွင်းဝင်ဖို့ ပစ်မှတ်ထားနေတဲ့ အဲရစ်တန်ဟက်အတွက် ထိုးနှက်ချက်ဖြစ်လာပါပြီ။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစက ဟွိုင်လန်းကို ပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့ပြီး သူနဲ့အတူ ဒုတိယမြောက်တိုက်စစ်မှူးတစ်ဦး ထပ်မခေါ်ဘဲ မေဆင်မောင့်၊ အိုနာနာတို့ နှစ်ဦးကို ပေါင် ၁၀၇ သန်းအထိ အသုံးပြုခေါ်ယူခဲ့ပါတယ်။
ယူနိုက်တက်မှာ တစ်ပတ်ကို ပေါင် ၂၅၀,၀၀၀ အထိရရှိနေသူ မာစီယဲလ်ဟာ ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဧပြီလအထိ အနားယူရမှာဖြစ်ပေမဲ့ ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကြောင့် ဇန်နဝါရီလအတွင်း တိုက်စစ်မှူးမခေါ်နိုင်ဘဲ အခု ဟွိုင်လန်းကလည်း ၃ ပတ်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
အဲရစ်တန်ဟက်က မာစီယဲလ်ဆီကနေ အခုထက် ပိုကောင်းတဲ့စွမ်းဆောင်ပြသနိုင်ဖို့ မျှော်လင့်မိခဲ့ပေမဲ့ တိုက်စစ်မှူး ထပ်မခေါ်တာက အမှားတစ်ခု မဟုတ်ခဲ့ဘူးလို့ကာကွယ်ပြောဆိုခဲ့ပါတယ်။
အဲရစ်တန်ဟက်က “ဟွိုင်လန်းကို ခေါ်ယူနိုင်ချိန်မှာ ကျွန်တော် အားရကျေနပ်မိခဲ့ပါတယ်။ အသင်းမှာ တိုက်စစ်မှူး ၂ ဦးရှိပြီး မနှစ်က မာစီယဲလ်ဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ပြီး သူကလည်း အသင်းရဲ့လစာငွေအများဆုံး ကစားသမားဦးဖြစ်ပါတယ်။
အမှန်အတိုင်းပြောရရင် ဒီရာသီမှာ မာစီယဲလ် အခုထက်ပိုခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တာပါ။ ရာသီအစမှာ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်မယ်ဆိုရင် မာစီယဲလ်ကို တစ်ရာသီလုံး ပစ်ပယ်ထားရမဲ့ အဓိပ္ပါယ်မျိုးဖြစ်နေပါတယ်။
ရပ်ရှ်ဖို့ဒ်ကလည်း လိုအပ်ရင် တိုက်စစ်မှူးအဖြစ်ကစားနိုင်တာကြောင့် ကျွန်တော်တို့အသင်းမှာ တိုက်စစ်မှူး ၃ ဦး ပိုင်ဆိုင်ထားတယ်လို့ပြောရမှာပါ။ တကယ်လို့ စတုတ္ထမြောက်တိုက်စစ်မှူးခေါ်မယ်ဆိုရင် တခြားကစားသမားတွေအတွက် ပွဲထွက်ကစားခွင့်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။
အဲဒီအတွက် ကျွန်တော်တို့ အမျိုးမျိုးစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ဇန်နဝါရီမှာ တိုက်စစ်မှူးခေါ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့လည်း မဖြစ်နိုင်တော့ပါဘူး။ နွေရာသီတုန်းက အသုံးစရိတ်တွေကြောင့် FFP စည်းမျဉ်းအရ ပြဿနာတွေရှိခဲ့လို့ပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။