သန်း ၄ဝ တန် ကွင်းလယ်ကစားသမားကို အပြိုင် စိတ်ဝင်စားလာကြတဲ့ မန်ယူနဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ဖီနာဘာချီနဲ့အတူ တောက်ပနေတဲ့ ပိုလန် ကွင်းလယ်ဖန်တီးရှင် ဇီမန်စကီကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
အသက် ၂၄နှစ် အရွယ် ဇီမန်စကီက ယခုနှစ် ဘောလုံးရာသီ အစကမှ ရုရှားကလပ် ဒိုင်နမို မော်စကို ကနေ ဖီနာဘာချီထံ ပြောင်းရွှေ့ကြေး ယူရို ၉.၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဖီနာဘာချီက သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

ဘယ်ခြေအားသန် ကွင်းလယ်တိုက်စစ် ကစားသမား ဇီမန်စကီက ဖီနာဘာချီထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဖီနာဘာချီ အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားပါတယ်။
ဇီမန်စကီက လုပ်အားနှုန်း ကောင်းမွန်သလို အကွက်မြင်တဲ့ ဖန်တီးမှုတွေ လုပ်ဆောင်နိုင်တဲ့ ကွင်းလယ်ဖန်တီးရှင် ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေရဲ့ ကင်းထောက်တွေက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ဇီမန်စကီကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ လုပ်နေကြသလို နှစ်သင်းစလုံးရဲ့ ကင်းထောက်တွေက ဇီမန်စကီရဲ့ ခြေစွမ်းပိုင်းကို သဘောကျတာကြောင့် လာမယ့်နွေမှာ ဇီမန်စကီအတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ဘရူနို ဖာနန်ဒက်စ်၊ အိုဒီဂတ် စတဲ့ ထိပ်သီး ကွင်းလယ်ဖန်တီးရှင်တွေကို ပိုင်ဆိုင်ထားပေမယ့် နှစ်သင်းစလုံးမှာ ဘရူနိုနဲ့ အိုဒီဂတ်တို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရန် ကွင်းလယ်ဖန်တီးရှင်တွေ မရှိတာကြောင့် နှစ်သင်းစလုံးက ဇီမန်စကီကို ခေါ်ယူချင်နေတာပါ။
ဖီနာဘာချီကတော့ ဇီမန်စကီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ အပြင် စပါးကလည်း ဇီမန်စကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တူရကီအခြေစိုက် သတင်းရင်းမြစ် တချို့က ဖော်ပြထားပါသေးတယ်။