အေးစက် အခဲမကြေ ဖြစ်နေသေးတဲ့ မန်ယူ နည်းပြ တန်ဟက်နဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်တို့ရဲ့ အခြေအနေ
မန်ချက်စတာ ယူနိုက်တက် မှာ နည်းပြ တန်ဟက်နဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်တို့ဟာ စကားတောင် ဟဟ မပြောတော့ဘဲ အချင်းချင်း အဆင်မပြေတော့တဲ့ ဆက်ဆံရေး ဖြစ်နေကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ထုတ်လာပါတယ်။
ပြီးခဲ့တဲ့လတုန်းက ရက်ဖို့ဒ် တယောက် ဘဲလ်ဖက်စ်မှာ ၁၂ နာရီကြာ ကလပ်တက်ကဲပြီး အရက်သောက်ခဲ့ကာ ထရိန်နင်ပျက်ကွက်ခဲ့တဲ့ ကိစ္စက ဆရာတပည့် နှစ်ယောက်ကြား အခုထိ အခဲမကြေကြသေးပါဘူး။

ဒီဖြစ်ရပ်နောက်ပိုင်းမှာ တန်ဟက်က ရက်ဖို့ဒ်နဲ့ သီးသန့် တွေ့ဆုံ အစည်းအဝေး လုပ်ခဲ့သေးပြီး အင်္ဂလန်သားကလည်း သူ့ အပြုအမူအတွက် ဖြေရှင်းခဲ့ပါသေးတယ်။ ရက်ဖို့ဒ်ဟာ ထရိန်နင် ပျက်ကွက်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ နယူးပို့တ်နဲ့ အက်ဖ်အေပွဲကို ဖျားနာလို့ လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်သားဟာ ထရိန်နင်ပျက်လို့ နှစ်ပတ်စာ လုပ်ခ ပေါင် ၆သိန်းခွဲလည်း ဒဏ်ကြေးဆောင်ခဲ့ရပါသေးတယ်။
နည်းပြတန်ဟက်ကတော့ ထိုဖြစ်ရပ်တွေ အပြီးမှာ ကစားသမားတိုင်းက သူ့အပြုအမူအတွက် သူ တာဝန်ယူရတာ ဖြစ်ပြီး ရက်ဖို့ဒ်လည်း တာဝန်ခံခဲ့တာကြောင့် အသင်းတွင်း ကိစ္စ အဖြစ် ဆက်လက်ဖြေရှင်းမယ်၊ ကိစ္စတွေကလည်း ပြီးပါပြီ လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။
ဒီလို ပြောခဲ့ပေမယ့် တန်ဟက်နဲ့ ရက်ဖို့ဒ်ကြား အစိုင်အခဲက ကျေလည်သွားပုံ မရဘဲ အခုထိ အချင်းချင်း စကားတောင် မပြောတော့ဘဲ အေးစက်သွားတယ် လို့ သိရပါတယ်။