ကာဆီမီရို အဖိုးတန် သွင်းဂိုးနဲ့ အတူ ဖောရက်စ်ကို နိုင်ပြီး မန်ယူ အက်ဖ်အေ ကွာတားဖိုင်နယ် တက်ရောက်

ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေပွဲစဉ်မှာတော့ မန်ယူအသင်းက ကာဆီမီရိုရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ဝ-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အသင်းကြီးတွေနဲ့တွေ့တိုင်း ဒုက္ခပေးလေ့ရှိတဲ့ ဖောရက်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံခဲ့စဉ်တုန်းက မန်ယူအသင်းကို အနိုင်ယူထားတဲ့ အသင်းဖြစ်ပြီး ယခုတစ်ခေါက်ပွဲစဉ်မှာလည်း မန်ယူအသင်း အတော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

အသင်းတိုက်စစ်မှူး ဟွိုင်လန်း မပါဝင်လာနိုင်သေးတဲ့ တိုက်စစ်ကို ရက်ရှ်ဖို့ဒ်ဦးဆောင်လာခဲ့ပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒဏ်ရာ ရှိနေတဲ့ကြားက ဖာနန်ဒက်စ် ကြိုးစား ခြေစွမ်းပြ ကစားနိုင်ခဲ့သလို တောင်ပံနှစ်ဖက်မှာ ပါဝင်လာတဲ့ အန်တိုနီနဲ့ ဂါနာချိုတို့ရဲ့ ကစားအားတွေနဲ့ ဖောရက်စ်ကို အနိုင်ယူဖို့ တန်ဟတ် က ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်တွေနဲ့ လျှင်လျှင်မြန်မြန် ကစားလေ့ရှိတဲ့ ဖောရက်စ်ကြောင့် မန်ယူအသင်း ကစားခက်နေခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး ဂိုးမသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်း ပွဲပြီးခါနီးအထိ ဂိုးမရှိ သရေကျနေခဲ့တာပါ။

ဒါပေမယ့် ကယ်တင်ရှင် ကာဆီမီရို က ၈၉ မိနစ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူတို့ ယခုလို ဝ-၁ ဆိုတဲ့ ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်တစ်ဆင့် ကွာတားဖိုင်နယ်မှာတော့ လီဗာပူးလ်နဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။

တစ်ဖက်မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းက ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။