ထိပ်တန်း အသင်းဆိုရင် ဆုဖလားတွေ ရနေမှပေါ့ လို့ မန်ယူကို စိန်ခေါ်ရိထေ့လိုက်တဲ့ ပက် ဂွာဒီယိုလာ
ဒီ စူပါဆန်းဒေး မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် ပွဲကြိုရှင်းလင်းပွဲတွေမှာ နှစ်သင်း နည်းပြတွေကတော့ လေတိုက်ကာ စိန်ခေါ်မှုတွေ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။
နည်းပြတန်ဟက်က သူတို့ကလည်း စီးတီးလို ပုံစံကောင်းတွေရနေတဲ့ အသင်းဖြစ်ကြောင်းနဲ့ မန်စီးတီးကို နိုင်လည်း နိုင်ဖူးပါတယ်လို့ ပွဲကြိုမှာ ပြောဆိုထားတာပါ။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကလည်း ထိပ်တန်း အသင်းဆိုရင် ဆုဖလားတွေ ရယူနေမှ ဖြစ်မယ်လို့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ကျဆင်းနေမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။
” ထိပ်တန်းအသင်းတွေဟာ ဆုဖလားတွေ အောင်နိုင်နေဖို့ လိုပါတယ်။ ယူနိုက်တက်အတွက်တော့ သိပ်မလွယ်ပါဘူး။ သူတို့က ဆာအဲလက်စ်ခေတ်မှာ မယုံနိုင်စရာတွေ လုပ်ပြခဲ့ပေမယ့် အခုကတော့ မလွယ်ပါဘူး။
ထိပ်တန်းအသင်းတွေဆိုတာ ပိုပြီး စိတ်ရှည်ရပါတယ်။ အခု ယူနိုက်တက်ကတော့ ဖိအားတွေ များလွန်းပါတယ်။ ဘာလို့လဲ တော့ ကျနော် မသိဘူး။ ကျနော်လည်း ယူနိုက်တက်က လူ မဟုတ်ဘူး ” လို့ ဂွာဒီယိုလာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ဒါဘီပွဲ ကစားရမှာက သူ့ကို စိတ်လှုပ်ရှားစေသလား မေးခံရချိန်မှာလည်း ပက် ဂွာဒီယိုလာက –
” မော်ရင်ညို၊ အိုလီတို့ ယူနိုက်တက်မှာ ရှိခဲ့တုန်းက တိုက်ခိုက်ရတာ ကောင်းပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံအရ ဒါဘီပွဲကြိုမှာ တည်ငြိမ်ဖို့နဲ့ အေးဆေးရှိဖို့ လိုအပ်တယ်။ သိပ်ပြီး စကားများများ မပြောဘဲ နည်းစနစ်ကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ခံစားချက်တွေအကြောင်း သိပ် မပြောဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။
ဒီအပတ် မန်ချက်စတာ ဒါဘီဟာ ပရီးမီးယားလိဂ် အဆင့် ရပ်တည်ချက်ကို အပြောင်းအလဲ ဖြစ်လာစေမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။