ဦးဆောင်ဂိုး ရခဲ့ပေမယ့် ဒုတိယပိုင်း အမှားများခဲ့တဲ့ မန်ယူ၊ ခြေစွမ်း သိပ်ကွာသွားပြီ ဆိုတာ သေချာပြသွားတဲ့ စီးတီး
ဒီည ကန်ခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ ၃-၁ ရလဒ် ထွက်ပေါ်ခဲ့ကာ အိမ်ရှင် မန်စီးတီးကပဲ အနိုင် ၃ မှတ် အပြည့် ရသွားခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းလုံး အကောင်းဆုံး လူစာရင်းတွေကို ထုတ်လာခဲ့ပြီး ယူနိုက်တက်မှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ဟွိုင်လန်းနဲ့ မက်ဂွဲရားတို့ ဒဏ်ရာတွေကြောင့် မပါနိုင်ခဲ့တာကို မြင်ခဲ့ရပါတယ်။

အဖွင့်ဂိုးမှာဆိုရင် စီးတီးဘက်က ပေါ့ဆတဲ့ အခြေအနေကို အိုနာနာ၊ ဖာနန်ဒက်စ်တို့ ကစားကွက် တည်ဆောက်ပြီး ရက်ဖိုဒ့်က ဦးဆောင်ဂိုး စယူခဲ့ပါတယ်။ စီးတီးတို့ ခြေပဂိုး ပြန်ရနိုင်မယ့် အခွင့်အရေးတွေ ရှိပေမယ့် ဟာလန်း၊ ဒီဘရိုင်းတို့ရဲ့ အဆုံးသတ်ချက်တွေက လွဲချော်နေခဲ့ပါတယ်။
ဦးဆောင်ဂိုးရခဲ့ပေမယ့် ယူနိုက်တက်ဟာ ဖိုဒန်ရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုး၊ ဟာလန်းရဲ့ နောက်ထပ်အနိုင်ဂိုးတွေကို ခွင့်ပြုလိုက်ရပြီး မန်ချက်စတာဒါဘီမှာ အရေးနိမ့်ခဲ့ရပြန်ပါတယ်။
ခြေစွမ်းအရ အများကြီးကွာဟခဲ့ပြီး တပွဲလုံးမှာ မန်စီးတီးက စိတ်ကြိုက်ကစားခဲ့ကာ ဂိုးကန်သွင်းခွင့်၊ ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်မှုတွေမှာ အပြတ်အသတ်ကို သာလွန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကန်သွင်းခွင့် ၂ကြိမ်တည်းသာရခဲ့ပြီး တကြိမ်ဂိုးပေါက်တည့်ကာ ရက်ရှ်ဖို့ဒ်က ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသင်းနှစ်သင်းကြားမှာ ကြီးမားတဲ့ကွာဟချက်ရှိနေခဲ့ပြီး လူစာရင်းပိုင်းအရ ပိုတောင့်တင်းပြီး ခြေစွမ်းလည်းပိုကောင်းတဲ့ မန်စီးတီးက အနိုင်ရခဲ့တာ သိပ်တော့မထူးဆန်းခဲ့ပါဘူး။
အိုနာနာသာ လက်စွမ်းမပြရင် ဒီထက်ပိုပြီးတော့ ဂိုးတွေပေးခဲ့ရဦးမှာပါ။ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ စီးတီးကို မြင်ခဲ့ရပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ဖိုဒန်ရဲ့ ထိုးဖောက်ချက်တွေဟာ ယူနိုက်တက်ကို ပြိုလဲစေခဲ့ပါတယ်။
ယူနိုက်တက်က ဒုတိယပိုင်းမှာ အတော်လေး အမှားများခဲ့သလို နည်းပြတန်ဟက်ရဲ့ လူစားလဲမှုတွေ မှားယွင်းတာကြောင့် ပေးဆပ်ခဲ့ရပါတယ်။ အမရာဘတ်ရဲ့ အာရုံစူးစိုက်မှု အားနည်းချက်ကလည်း လက်ဖျားခါလောက်စရာပါ။
ဒီ ရံှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကတော့ ထပ်မံ အားနည်းသွားပြန်ပြီလည်း ဖြစ်ပါတယ်။