အဆင့် ၄ နဲ့ ၁၁ မှတ်ထိ ပြတ်သွားပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သေးတယ် လို့ မန်ယူနည်းပြ တန်ဟက် ယုံကြည်နေ
မနေ့ညက မန်ချက်စတာ ဒါဘီပွဲ အပြီးမှာ ယူနိုက်တက်ဟာ ရာသီသိမ်းရန် ၁၁ ပွဲတည်းသာ လိုတော့တဲ့ အချိန်တွင် အဆင့် ၄ နေရာမှ အက်စတွန်ဗီလာနှင့် ရမှတ် ၁၁ မှတ်အထိ ကွာဟနေပေမဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်မလျှော့ကြောင်း နည်းပြတန်ဟက်က ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မနေ့ညတုန်းက မန်ချက်စတာဒါဘီပွဲတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်မှုနှင့်အတူ ဗီလာအသင်း ရလဒ် ဆိုးဆိုးရွားရွားကြုံရခြင်း (ဒါမှမဟုတ်) ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိလာမှသာလျှင် ချန်ပီယံလိဂ် ဝင်ခွ င့်ရနိုင်မဲ့အခြေအနေမျိုးသို့ ရောက်သွားပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ အဆင့် ၅ နေရာမှ စပါးနဲ့ ယှဉ်ရင် တစ်ပွဲပို ကစားပြီး ရမှတ် ၆ မှတ်ကွာဟနေပါသေးတယ်။
အဲရစ်တန်ဟက်က “အလျှင်အမြန်ပဲ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ နောက်ထပ် ဗိုလ်လုပွဲတစ်ပွဲသို့ သွားမယ်။ ပြီးရင် သူတို့နဲ့ နီးစပ်အောင် ကြိုးစားမယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ၅ သင်းရလာနိုင်တာကလည်း အခွင့်အရေးကောင်း တစ်ရပ် ဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ပွဲတွေကို အနိုင်ရအောင် ကြိုးစားရမယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်အတွက် နောက်ထပ် ဆိုးရွားသွားတာ တစ်ခုကတော့ လက်ကျန်ပွဲများတွင် အက်စတွန်ဗီလာ၊ စပါးစ်တို့နှင့် ရင်ဆိုင်စရာ မရှိတော့တာပါ။ ဗီလာနှင့် စပါးစ်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့လာပါမယ်။
အင်္ဂလန်ဟာ ယခုရာသီ ဥရောပပြိုင်ပွဲ ၃ ရပ်လုံးတွင် အခြေအနေပြီး ယူအီးအက်ဖ်အေရဲ့ ‘Performance Slots’ ထိပ်ဆုံး ၂ နေရာမှာ ရပ်တည်နိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာ ရရှိလာပါမယ်။
လက်ရှိအချိန်တွင် အင်္ဂလန်ဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၂ နေရာမှာ အီတလီနှင့် ဂျာမနီတို့ ရပ်တည်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေဖြင့် မန်စီးတီး၊ လီဗာပူးတို့ ရလဒ်ကောင်းများ ရရှိလာစေရန် ဆုတောင်းရမဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။
ဒါပေမဲ့ တဖက်မှာ ယူနိုက်တက်အနေဖြင့် စပါးနဲ့ အက်စတွန် ဗီလာတို့ ရလဒ်ဆိုးရွားလာရန်လည်း လိုအပ်နေပါသေးတယ်။