မန်စီးတီး ခြေဖျားတောင် မမှီတော့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အခြေအနေကို မေးခွန်းကြီးတွေ ထုတ်လိုက်တဲ့ ရွိုင်ကိန်း
သရဲနီဟောင်းကြီး ရွိုင်ကိန်း က တနင်္ဂနွေနေ့ညမှာ မန်ချက်စတာစီးတီးကို မန်ချက်စတာဒါဘီမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့ နည်းပြကို မေးဖို့ လိုတဲ့ မေးခွန်းတွေ အများကြီးရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ပရီးမီးယားလိဂ်မှာ ယခုရာသီ ၁၁ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာက အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့်လည်း ကောင်းကောင်း မကစားနိုင်ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ၃-၁ နဲ့ ရှုံးပွဲအပြီး Sky Sports မှာ ရွိုင်ကိန်း က အသင်းဟောင်းအပေါ်မှာ အရမ်းပြင်းပြင်းထန်ထန် မဝေဖန်ချင်ဘူးလို့ ပြောဆိုခဲ့ပြီး မန်စီးတီးဟာ ကွင်းအတွင်းမှာ ပိုမိုကောင်းမွန်ခဲ့သလို ဘာကြောင့် ချန်ပီယံတွေဖြစ်နေရတာလဲ ဆိုတာကို ပြသခဲ့တာလို့ ယုံကြည်နေပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက အသင်းဟောင်းအနေနဲ့ ဘယ်ဦးတည်ချက်အတိုင်း သွားနေတာလဲဆိုတာ မသေချာဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် ဒီနေ့ မန်ချက်စတာယူနိုက်တက်အပေါ် အရမ်း ပြင်းပြင်းထန်ထန် မပြောနိုင်ပါဘူး။ မန်စီးတီး တကယ်ကို ကောင်းမွန်ခဲ့လို့ပါ။ သူတို့တွေက ဘာကြောင့် ချန်ပီယံတွေဖြစ်နေတာလဲဆိုတာကို ပြသခဲ့တာပါ။
အခုဆိုရင် မန်ယူနိုက်တက်အတွက် လိဂ်ရှုံးပွဲ ၁၁ ပွဲရှိပြီ။ မန်စီးတီးလုပ်ခဲ့တာက ခင်ဗျားရဲ့ ဟာကွက်တွေကို ရှာတွေ့သွားတာပါပဲ။ ဒီ မန်ချက်စတာယူနိုက်တက်အသင်းက ဘယ်ကို သွားနေတာလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိနေတုန်းပဲ။
နောက်ဆုံး ၂၅ မိနစ်မှာ သူတို့တွေ မန်စီးတီး ခြေဖျားတောင် မမီခဲ့ဘူး။ သူတို့ကို ဟိုက ကလေးကစားသလို လုပ်သွားတာ။ မန်ယူနိုက်တက်က ကိုယ်ဖော်တဲ့ဆေး ကိုယ် သောက်ဖို့လိုအပ်နေပြီး ဒီအသင်းနဲ့ ဒီနည်းပြအပေါ် နောက်ထပ်တစ်ကြိမ် မေးခွန်းထုတ်စရာ အကြီးကြီး ရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။