တန်ဟက် က ရာသီကုန်ရင် ပြုတ်မယ် လို့ မန်ယူ ကစားသမားတွေ ယုံကြည်နေကြကြောင်း သတင်းထွက်လာ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား တော်တော်များများက လက်ရှိနည်းပြ အဲရစ် တန်ဟက် ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲရလိမ့်မယ်လို့ ယုံကြည်နေကြောင်း သတင်းထွက်နေပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြ အဲရစ် တန်ဟက် က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

တန်ဟက် က သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို ကာရာဘောင်းပြိုင်ပွဲနဲ့ အက်ဖ်အေပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို ကာရာဘောင်း ချန်ပီယံ ဖြစ်အောင်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၃)နဲ့ ရပ်တည်နိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲံ ပထမဦးဆုံး ဘောလုံးရာသီမှာ အောင်မြင်မှုတွေ တပွေ့တပိုက် ရယူနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာရ ကစားသမား များပြားမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရသလို အဓိကပြိုင်ဘက်တွေနဲ့ ကစားရတိုင်းမှာလည်း ရလဒ်တွေ ဆိုးဝါးနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝီလာ အဆိုအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေက တန်ဟက်ဂ်ကို ယုံကြည်နေဆဲ ဖြစ်ပေမယ့် ပူးတွဲပိုင်ရှင်သစ် INEOSကြောင့် တန်ဟက် ဟာ ရာသီကုန်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာရလိမ့်မယ်လို့ ယူဆနေကြကြောင်း သိရပါတယ်။

လတ်တလောမှာ INEOSက အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်မလား၊ ဆက်ထားမလား ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပေမယ့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ တန်ဟက် ရဲ့ တောင်းဆိုချက် ဖြစ်တဲ့ တိုက်စစ်မှူးသစ် ဝယ်ယူပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် INEOSက တန်ဟက် ကို အပြည့်အဝ မယုံကြည်ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။

သရဲနီဟောင်းကြီး ပေါစခိုးလ်ကလည်း တန်ဟက် ဟာ ရာသီကုန်ရင် ထုတ်ခံရမှာ ဖြစ်ပြီး ရာသီသစ်မှာ မန်ယူက နည်းပြသစ်နဲ့ ခရီးဆက်ရမယ် လို့ သုံးသပ်စကား ဆိုထားပါတယ်။