ဒီအပတ် ပွဲစဉ်ဇယားကြောင့် မန်ယူ အဆင့် ၄ ရနိုင်သေးတယ်လို့ ဂယ်ရီနဗီး အားတက်သရော ထောက်ပြ
မန်ချက်စတာ ဒါဘီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က စီးတီးကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က ပိုပြီး မှေးမှိန်သွားပြီ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကိုယ်တိုင်က ယူနိုက်တက် ဟာ ရှေ့က အသင်းတွေရဲ့ အမှားကို စောင့်ရတော့မယ် လို့ ဝန်ခံထားပါတယ်။
အမှတ်ပေးဇယားမှာတော့ ယူနိုက်တက်က အဆင့် ၄ နေရာမှ ဗီလာနဲ့ ၁၁ မှတ်၊ အဆင့် ၅ နေရာမှ (တပွဲလျော့ ကစားထားတဲ့) စပါးနဲ့ ၆ မှတ် အကွာ၊ အဆင့် ၆ နေရာ မှာ ရှိနေပါတယ်။
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးကတော့ ဒီအပတ် ပွဲစဉ်ဇယားကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ ရနိုင်သေးတယ်လို့ မျှော်လင့်ထားပြီး အခုလို ရှင်းပြခဲ့ပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က top four ထဲ ဝင်နိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ ပွဲ ရလဒ်ထက် ယူနိုကတက်ကို ပိုပြီး ပြသနာ ဖြစ်စေတာက အရင်လ ဖူလ်ဟမ်နဲ့ ပွဲ ရလဒ်ပါ။
မန်ချက်စတာ ဒါဘီကတော့ တကယ်ကို အရှုံးနဲ့ သိမ်းမယ်လို့ ကျွန်တော် ထင်ထားပြီးသား။ အက်စတွန်ဗီလာနဲ့ တော့်တင်ဟမ် တို့ ဒီအပတ်ထဲမှာ တွေ့လိမ့်မယ်။ ဒီတော့ တစ်သင်း မဟုတ် တစ်သင်းက အမှတ်လျော့မှာပဲ၊ ဒီအချိန် မန်ချက်စတာ ယူနိုက်တက်က နီးကပ်လာနိုင်ပါတယ်။
မတ်လထဲ နိုင်ငံတကာ သီတင်းပတ်ကာလပြီးရင်တောင် ခရီးရှည်ကြီး ကျန်ပါသေးတယ်။ ဗီလာနဲ့ စပါးမှာလည်း လုပ်စရာတွေ ရှိတယ်။
ဒီတော့ မန်ချက်စတာ ယူနိုက်တက် အတွက် မျှော်လင့်ချက် ရှိတယ်လို့ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့ ခြေစွမ်းမတည်ငြိမ်ဘဲ ဖူလ်ဟမ်ကို ရှုံးခဲ့တာက ထိုးနှက်ချက်ကြီး ပဲ။ မန်ချက်စတာ ဒါဘီပွဲကတော့ လူတွေ မျှော်လင့်ထားသလိုပဲ ယူနိုကတက် အမှတ်လျော့ခဲ့တဲ့ ပွဲ တစ်ပွဲပါ။ ” လို့ နဗီးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က စီးတီးကို အရေးနိမ့်လိုက်တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲ ဆက် ရှုံးနိမ့်တာ လည်း ဖြစ်သွားပါတယ်။