စီ ရော်နယ်လ်ဒိုကို ပြန် ခေါ်လိုက်မိလို့ မန်ယူမှာ အဆင်မပြေဖြစ်ပြီး ထွက်ခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ ဆိုးလ်ရှား

မန်ယူ နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှားက ၂၀၂၁ ခုနှစ်မှာ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တာ နောင်တမရဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့် အသင်းကို ပြန်ရောက်လာတာက အဝတ်လဲခန်းထဲမှာ ပြဿနာတွေဖြစ်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်မှာ ရော်နယ်လ်ဒိုကို ဂျူဗင်တပ်ကနေ ပေါင် ၁၂ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရောက်မလာခင် ရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၂၊ ယူရိုပါလိဂ် ဗိုလ်လုပွဲတို့ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေလူမျိုးနည်းပြက ရော်နယ်လ်ဒိုကို ပြန်ခေါ်တာ နောင်တမရဘူးလို့ ပြောခဲ့ပေမယ့်လည်း တခြားကစားသမားတွေကို စိတ်အာရုံနောက်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ခရစ္စတီယာနိုက မာစီယယ်လ်နဲ့ မတူညီသလို၊ မေဆန်၊ ရက်ရှ်ဖို့ဒ်တို့နဲ့လည်း မတူပါဘူး။ ကာဗာနီက ရော်နယ်လ်ဒိုရောက်လာလို့ အများဆုံး ခံစားခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ကစားပုံကို သူက ကောင်းကောင်း နားလည်ခဲ့တဲ့သူပါ။

ခရစ္စတီယာနိုအကြောင်း ခင်ဗျား သိရင် သူက ၄ ပွဲမှာ ၃ ပွဲလောက် ကစားချင်တဲ့သူပါ။ သူက အသက်ကြီးလာပြီဆိုတာကိုလည်း သိလို့ သူ တစ်ပွဲလောက် လျှော့ပေးလိုက်တာပါ။ ဒါပေမယ့် ခင်ဗျား သူ့ကို တစ်ပွဲလောက် အရန်ခုံမှာ ထိုင်ခိုင်းထားလိုက်ရင် သူ မပျော်ရွှင်ပါဘူး။

သူအသင်းထဲမှာပါရင် ကျွန်တော်တို့ ကစားတဲ့ပုံစံနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ သူမပါရင် ပြိုင်ဘက်ဖိအားပေးနိုင်ပြီး သူပါရင် ကျွန်တော်တို့ ကစားနေတဲ့အခန်းကဏ္ဍတွေနဲ့ နည်းနည်း မတူညီတဲ့ပုံစံကို ပြောင်းခဲ့ရပါတယ်။ ကျွန်တော်တို့က သူ မရောက်လာခင်က ဖိအားပေးကစားနိုင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ ရော်နယ်လ်ဒိုရောက်လာတဲ့အချိန်မှာ ဒန်နီရယ် ဂျိမ်းစ်ကို သွားခွင့်ပေးခဲ့တယ်။ သူတို့တွေက မတူညီတဲ့ကစားသမားတွေပါ။ ကျွန်တော့်အတွက်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ ဖြစ်မလာခဲ့ပါဘူး။

ရော်နယ်လ်ဒိုကို ခေါ်ခဲ့တာက သူ့ရဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့်လည်း ပါတယ်။ ဒါပေမယ့် အဲဒါက ရှုပ်ထွေးမှုတွေဖြစ်စေခဲ့တယ်။ ခင်ဗျားမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့၊ စည်းကမ်းပိုင်းအလိုက်နာဆုံး၊ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမား ဖြစ်ခဲ့တဲ့ ခရစ္စတီယာနိုဆီကနေ သင်ယူနိုင်တဲ့ မေဆန် ဂရင်းဝုဒ်ရှိတယ်။ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ရှိတယ်။ အဲဒီတော့ ခင်ဗျားက သူ့ကို သူတို့အတွက် အကူအညီဖြစ်စေမယ်လို့ပဲ တွေးခဲ့မှာပါ။

သူ အသင်းကို ရောက်လာတော့ ကျွန်တော့်ကိုပါ ၃ ပွဲဆက်တိုက် ပွဲထွက်ခွင့်ပေးပြီး ၄ ပွဲမြောက် ကျရင်တော့ အရန်ခုံထိုင်ခိုင်းလို့ရတယ်လို့ ပြောလာပါတယ်။ ဒါပေမယ့် သူ့စကားအတိုင်းမဟုတ်ဘဲ ကျွန်တော် တကယ် အရန်ခုံထိုင်ခိုင်းတဲ့အချိန်ကျတော့ သူ သဘောမကျပြန်ပါဘူး”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။