ဆောက်ဂိတ်နဲ့ လက်ရှိ ပရီးမီးယားလိဂ်ကလပ် နည်းပြ ၂ ဦး ကို တန်ဟက် နေရာ အစားထိုးဖို့ မန်ယူ လျာထား ချိန်ရွယ်နေ
မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီမှာ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ရန် ဂါရတ်ဆောက်ဂိတ်နှင့် အခြားနည်းပြ ၂ ဦးတို့အား လျာထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
အဲရစ်တန်ဟက်ဟာ တနင်္ဂနွေနေ့တုန်းက မန်ချက်စတာဒါဘီပွဲတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ၁၁ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ဖိအားများစွာ ကျရောက်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၁၉ မှတ်အထိ ကွာဟနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးပင် မသေချာသလောက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ယူနိုက်တက်ကစားသမားများ ကိုယ်တိုင်က အဲရစ်တန်ဟက်မှာ ရာသီအကုန်တွင် ထုတ်ပယ်ခြင်းခံရလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။
ESPN ရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်နေရာမှာ အစားထိုးရန် နည်းပြ ၃ ဦး လျာထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက် လျာထားတဲ့ နည်းပြစာရင်းတွင် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်၊ ဘရိုက်တန်နည်းပြရောဘတ်တို ဒီဇာဘီနှင့် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်တို့ ပါဝင်နေပါတယ်။
ဒီဇာဘီမှာ ဘရိုက်တန်တွင် ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန် အသုံးပြုနေမှုအပေါ် ကလပ်အမြောက်အမြားတို့ရဲ့ ပစ်မှတ်ထားခြင်းခံနေရပါတယ်။ သောမတ်စ်ဖရန့်မှာလည်း အချက်အလက်အားပြု နည်းပြကောင်းတစ်ဦး ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်နည်းပြရာထူးမ ထွက်ခွာရန် အလေးအနက်ထား စဉ်းစားနေသူ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်တွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လာမဲ့ ဒိန်းအက်ရှ်တတ်မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်တုန်းက ဂါရတ်ဆောက်ဂိတ်နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။