ဆာအဲလက်စ်ဖာဂူဆန် ရေးထိုးခဲ့တဲ့ ပရီးမီးယားလိဂ်စံချိန် ဒီရာသီ ချိုးဖျက်ခံရမဲ့ အခြေအနေမှာ ရှိနေပါပြီ

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက ရေးထိုးခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ ပရီးမီးယားလိဂ်စံချိန်မှာ ရိုက်ချိုးခံရမဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ၂၀၁၂-၁၃ ရာသီတုန်းက ယူနိုက်တက်အား နောက်ဆုံး ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ဆွတ်ခူးပြီးနောက် အနားယူခဲ့ပါတယ်။

ယင်းနောက်ဆုံးရာသီမှာ စကော့တလန်လူမျိုးနည်းပြဟာ ကြီးကျယ်ခမ်းနားတဲ့ စံချိန်တစ်ခုလည်း ရေးထိုးခဲ့ပါတယ်။ ယင်းရာသီမှာ ယူနိုက်တက်ဟာ ကွဲပြားတဲ့ ကစားသမား ၂၀ ဦးအထိ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယင်းရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၈၆ ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ကစားသမား ၂၀ ဦးတို့က သွင်းခဲ့တာပါ။ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်သင်းတည်းက ထိုမျှ များပြားတဲ့ ကစားသမားအရေအတွက်က ဂိုးသွင်းခဲ့ဖူးခြင်း မရှိပါဘူး။

၁၁ နှစ်ကြာတဲ့အထိ ယင်းစံချိန်ကို ရိုက်ချိုးနိုင်တဲ့အသင်း မရှိသေးပါဘူး။ ဒါပေမဲ့ ယခုအခါမှာတော့ ယင်းစံချိန် ရိုက်ချိုးနိုင်မဲ့အခြေအနေမျိုး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအသင်းက နယူးကာဆယ်အသင်း ဖြစ်ပါတယ်။

အက်ဒီဟောင်းရဲ့ နယူးကာဆယ်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား ၁၉ ဦးအထိ ပိုင်ဆိုင်ထားပါတယ်။ ကစားသမား ၁၉ ဦးတို့က ၅၉ ဂိုးသွင်းထားပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်ထက် တစ်ဦးပဲ လျှော့နည်းနေပါတယ်။

တကယ်လို့များ လက်ကျန်ပွဲတွေမှာ အသင်းမှ ဂိုးမသွင်းနိုင်သေးတဲ့ ကစားသမားတစ်ဦးက ဂိုးသွင်းလာမည်ဆိုပါက ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မှီလာပါမယ်။

နယူးကာဆယ်မှာ ဂိုးမသွင်းနိုင်တဲ့ ကစားသမားများအဖြစ် လူးဝစ်ဟေးလ်၊ မတ်တားဂက်၊ အီမေးလ်ခရက်၊ အီလီးယော့အင်ဒါဆင်တို့သာ ရှိပါတယ်။ ဒါ့အပြင် ဂိုးသမားတွေ ဖြစ်တဲ့ နစ်ပုပ်၊ မာတင်ဒူဘရာကာနှင့် လိုရစ်ခရူးစ်တို့လည်း ဂိုးမသွင်းနိုင်သေးပါဘူး။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် လက်ကျန် ၁၁ ပွဲမှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ဖို့ မျှော်လင့်နေပြီ ဖြစ်ပါတယ်။