ပင်နယ်တီ နှစ်လုံးနဲ့ အဲဗာတန် ကို အနိုင်ယူလိုက်တဲ့ မန်ယူ၊ ဂါနာချိုနဲ့ ဖာနန်ဒက်စ်တို့ ရရှိသွားတဲ့ စံချိန်မှတ်တမ်းများ
မန်ချက်စတာယူနိုက်တက် ကတော့ ဒီည အိုးထရက်ဖို့ဒ်မှာ အဲဗာတန် ကို ဧည့်ခံ ကစားရာ ၂-၀ နဲ့ အနိုင်ရရှိသွားပါတယ်။
မန်ယူ ရခဲ့တဲ့ နှစ်ဂိုးလုံးက ပင်နယ်တီတွေ ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ် ၁၂ မိနစ် နဲ့ ရက်ရှ်ဖို့ဒ် ၃၆ မိနစ် တို့ သွင်းယူခဲ့တာပါ။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာ နှစ်သင်းလုံးက အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့လို့ ပွဲက မြိုင်ဆိုင်နေခဲ့ပါတယ်။
အထူးသဖြင့် အဲဗာတန်က အဝေးကန်ချက်တွေနဲ့ ယူနိုက်တက်ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပြီး ဂိုးသမားအိုနာနာရဲ့ လက်စွမ်းပြကာကွယ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။
တဖက်မှာလည်း ယူနိုက်တက်တိုက်စစ်ပိုင်းအတွက် ဂါနာချိုရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေက အတော်လေးကောင်းမွန်နေခဲ့ပြီး သူ့ကြောင့်ပဲ ယူနိုက်တက်တို့ ပင်နယ်တီအခွင့်အရေး နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။
ဒီပင်နယ်တီတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ပင်နယ်တီကနေ ၂ဂိုးရပြီးနောက်မှာ ဆက်မသွင်းတော့ပါဘူး။ အဲဗာတန်ကလည်း ဂိုးပြန်မသွင်းနိုင်ခဲ့လို့ ပထမပိုင်းရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲကနေ ယူနိုက်တက်တို့ ပြန်ရုန်းထွက်နိုင်ခဲ့ပြီး ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့အချိန်မှာ ရတဲ့နိုင်ပွဲဖို့ အဖိုးတန် ၃ မှတ်လို့ ပြောလို့ရပါတယ်။
ဂါနာချိုကတော့ ယူနိုက်တက်အတွက် တပွဲတည်းမှာပဲ ပင်နယ်တီ ၂ကြိမ်ရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းမှာပဲ မတူညီတဲ့ကစားသမားနှစ်ဦးက ပင်နယ်တီဂိုးတွေသွင်းယူနိုင်တဲ့ပွဲစဉ်အဖြစ် ရှိလာခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒကစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းမှာ ပင်နယ်တီကနေ ဂိုးအများဆုံး သွင်းသူ ( ၂၉ ဂိုး ) အဖြစ် စံချိန်သစ် စိုက်ထူသွား နိုင်ခဲ့ပါတယ်။