မန်ယူ အဆင့် (၄) နေရာ ရနိုင်သေးလား၊ ချန်ပီယံလိဂ် ဝင်နိုင်မလား သုံးသပ်သွားကြတဲ့ ဖာဒီနန်နဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါကြောင်း ကစားသမားဟောင်းတွေထံက သုံးသပ်မှု ထွက်ပေါ်လာပါတယ်။

ဒီအပတ်ပွဲတွေမှာ ယူနိုက်တက်က အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဗီလာကတော့ စပါးကို ၄-ဝ နဲ့ ရှုံးခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က အဆင့် ၄ နေရာက အက်စတွန်ဗီလာထက် ၈ မှတ် လျော့နည်းနေပါတယ်။ အဆင့် ၅ နေရာက စပါးထက်တော့ ၆ မှတ် အကွာဖြစ်ပါတယ်။ စပါးက ပွဲကျန် တစ်ပွဲလည်း ရှိပါသေးတယ်။

ဖာဒီနန်က ‘ ဗီလာ vs စပါးပွဲကို ကြည့်ပြီး သရေကျပါစေလို့ ယူနိုက်တက်က ထိုင် ဆုတောင်းနေရမှာပါ။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် ကိုယ့်ဘာသာတင် ကြိုးစားရမှာ မဟုတ်ဘဲ အပေါ်က အသင်းတွေ အမှတ်လျော့ဖို့ပါ မျှော်လင့်နေရမှာပါ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အခြားသော သရဲနီဟောင်း ဝိန်းရွန်းနီကတော့ ယူနိုက်တက် ရာသီကုန်ရင် ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မှာ မဟုတ်ဘူး လို့ ပြတ်ပြတ်သားသား ပြောပါတယ်။

ရွန်းနီက ‘ မထင်ပါဘူး။ ဒီရာသီတောက်လျှောက် ယူနိုက်တက်ရဲ့ အခြေအနေကို ကျနော်တို့ မြင်နေရတာပါပဲ။ ယူနိုက်တက်တို့ Top 4 ဝင်မယ် မထင်ပါဘူး။ သူတို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ဆိုရင် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရမှ ဖြစ်နိုင်မှာပါ။

ယူနိုက်တက်က ခြေစွမ်း အတော်လေး မတည်ငြိမ်တဲ့အသင်းပါ။ ဒီလိုအသင်းက ပွဲတိုင်း နိုင်မယ် မထင်ပါဘူး။ အဲ့လိုဖြစ်လာဖို့ အရမ်းကို ခက်ခဲပါမယ်။ ’ လို့ ခန့်မှန်းခဲ့တယ်။