မန်ယူ အသင်းရဲ့ ပင်နယ်တီတွေကို ပြိုင်ဘက် ဂိုးသမားတွေ မှန်းရခက်အောင် ဗျူဟာခင်းနေတဲ့ တန်ဟက်
ပြီးခဲ့တဲ့ရက်က အဲဗာတန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ အနိုင်ဂိုးနှစ်ဂိုးစလုံးကို ပင်နယ်တီကနေ တစ်ဆင့် သွင်းယူခဲ့တာပါ။ ဒီ ပင်နယ်တီတွေကိုတော့ ကစားသမားတစ်ယောက်တည်းက ဒါမှမဟုတ် ဘရူနိုဖာနန်ဒက်စ် တစ်ယောက်တည်းက ကန်သွင်းခဲ့တာမျိုး မဟုတ်ပါဘူး။
ဂါနာချိုကို တာကောစကီး ဖျက်ထုတ်တာကတစ်ဆင့် ပထမဆုံးရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ဂါနာချိုကိုပဲ ဂေါ့ဒ်ဖရေး ဖျက်ထုတ်တာက တစ်ဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ရပ်ရှ်ဖို့ဒ်က သွင်းယူခဲ့ပါတယ်။

ဒီလိုမျိုး တစ်ပွဲတည်းမှာပဲ ပင်နယ်တီ တစ်ကြိမ်ထက် ပိုရတဲ့အခါမှာ မတူညီတဲ့ ကစားသမားတွေ ကန်သွင်းတာက နည်းပြတန်ဟက် ရဲ့ နည်းစနစ်ဖြစ်တယ်လို့ သိရှိရပါတယ်။ နည်းပြ တန်ဟက် ဟာ ပင်နယ်တီအတွက် ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်၊ ကက်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့လို ကစားသမားတွေကို ရွေးချယ်ထားပါတယ်။
ပင်နယ်တီတစ်ကြိမ်ထက် ပိုရတဲ့အခါ ပြိုင်ဘက်ဂိုးသမားကို ဒုက္ခပေးနိုင်အောင်လို့ မတူညီတဲ့ ကစားသမားတွေကို ကန်သွင်းစေခဲ့တာပါ။
တန်ဟက် က “ကစားသမားတွေက ကွင်းထဲမှာပဲ အတူတူ ဆုံးဖြတ်ကြပါတယ်။ ကျွန်တော်တို့မှာ ပင်နယ်တီပိုကောင်းတဲ့ ကစားသမားတွေရှိပါတယ်။ ဘရူနို၊ ရပ်ရှ်ဖို့ဒ်၊ ကက်စ်မဲရိုး၊ အဲရစ်ဆင်တို့ရောပေါ့”
“အခြား ကစားသမားတွေလည်း ပင်နယ်တီကောင်းကြပြီး အသင်းမှာ ဒါမျိုးရှိနေတာက အရမ်းကောင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ ပင်နယ်တီကောင်းတဲ့ ကစားသမားနှစ်ယောက်နဲ့ ရင်ဆိုင်တာက ပြိုင်ဘက်ဂိုးသမားအတွက် မှန်းဆရတာ အရမ်းကို ခက်ခဲသွားစေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။