ဒဏ်ရာတွေနဲ့ နလန်မထူနိုင် ဖြစ်နေသေးတဲ့ မန်ယူနဲ့ နည်းပြ တန်ဟက် အတွက် နောက်ထပ် သတင်းဆိုး

ဒဏ်ရာတွေနဲ့ နလန်မထူနိုင် ဖြစ်နေသေးတဲ့ မန်ယူနဲ့ နည်းပြ တန်ဟက် အတွက် နောက်ထပ် သတင်းဆိုး တစ်ခုက ရှိနေပါပြီ။ အသင်း နောက်ခံလူ မာလာစီယာ က ရာသီမကုန်ခင် အသင်းအတွက် ပြန် ကစားပေးဖွယ် မရှိတော့ကြောင်း နည်းပြ တန်ဟက်က ဝန်ခံလာပါတယ်။

မာလာစီယာက ဖီယွန်နုကနေ ၂၀၂၂ နွေမှာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူပါ။ ၎င်းက တန်ဟက် အစောပိုင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ ပါဝင်ပါတယ်။

၎င်းဟာ ယူနိုက်တက် အတွက် ပထမရာသီမှာ ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင် ကစားခဲ့ပြီး ကောင်းစွာ အစွမ်းပြခဲ့ပေမယ့် နွေမှာ ခွဲစိတ်မှု ခံယူပြီးနောက် ဒီရာသီ အသင်းအတွက် မပါဝင်နိုင်ဘဲ ရှိနေပါတယ်။

ဘယ်နောက်ခံလူ မာလာစီယာ တစ်ယောက် ပြန် ကစားပေးနိုင်ဖို့ နီးပါပြီ လို့ နည်းပြ တန်ဟက်က အရင်လက ထုတ်ဖော် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ရာသီကုန်ထိ ပြန်လာဖွယ် မရှိသေးကြောင်း တန်ဟက်က ထပ်မံ ပြောဆိုလာပါတယ်။

” ဒီရာသီမှာ သူ ပြန်လာဖို့ကတော့ ခက်ခဲတော့မယ် ထင်ပါတယ်။ သူ ကြိုးတော့ ကြိုးစားမှာပါ၊ ကွင်းထဲ ပြန်ဝင်ခွင့် ရဖို့။ ဒါပေမယ့် ပြန်လည်ထူထောင်ရေးမှာ နောက်ဆက်တွဲ ကိစ္စတွေ ရှိနေပြီး အရှိန် ဖြည်းဖြည်း ယူနေရတော့ ဘောလုံး ရာသီက ကုန်သွားမယ် ထင်ပါတယ်။ ” လို့ တန်ဟက်က ပြောဆိုလာပါတယ်။

မာလာစီယာ ပြန် မလာနိုင်သေးတာက ယူနိုက်တက်မှာ ရှော ကာလရှည် နားနေရာချိန်မှာ ထပ်မံ ထိုးနှက်ချက် ဖြစ်လာပါတယ်။

ရှောကလည်း ရာသီကုန်ထိ နားရဖွယ် ရှိနေသလို ရယ်ဂွီလွန်ရဲ့ အငှားကလည်း ဇန်နဝါရီ မှာ အပြီးသတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ဘယ်နောက်ခံလူ စစ်စစ် မရှိဘဲ လင်ဒီလော့ဖ်ကို ထား ကစားနေခဲ့ရတာပါ။