ဂရင်းဝုဒ်ကို မန်ယူ ဘယ်လို လုပ်မလဲ ဖော်ထုတ်လိုက်တဲ့ နာမည်ကြီး သတင်းထောက် ရိုမာနို
မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းကနေ လာလီဂါကလပ် ဂီတာဖေးဆီ အငှားနဲ့ သွားကစားနေရင်း ခြေစွမ်းကောင်းတွေ ပြသထားတဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ရဲ့ အနာဂတ် အတွက် ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြထုတ်ခဲ့ပါတယ်။
အသက် ၂၂နှစ် အရွယ် အင်္ဂလန်- တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ယူနိုက်တက်ရဲ့ အနာဂတ် ဖြစ်လာလိမ့်မယ်လို့ တင်စားခံခဲ့ရပေမယ့် ကွင်းပြင်ပ လူမှုရေး အရှုပ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဝေးရာကို ထွက်ခွာခဲ့ရသူပါ။

ဂရင်းဝုဒ်ကို ယူနိုက်တက်က ပြန်နေရာပေးဖို့ စဉ်းစားခဲ့ပေမယ့် အမျိုးသမီး ပရိသတ်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် ဒီနှစ် ဘောလုံးရာသီ အစမှာ ဂရင်းဝုဒ်ကို လာလီဂါကလပ် ဂီတာဖေးဆီ ၁ရာသီ အငှားချခဲ့တာ့ပါ။
ဂရင်းဝုဒ်က ဂီတာဖေးဆီ ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ သူက ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။
နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂရင်းဝုဒ်ရဲ့ ကွင်းတွင်းခြေစွမ်းကို သဘောကျနေကြပေမယ့် ဂရင်းဝုဒ်ကိုသာ ပြန်ခေါ်လိုက်ရင် ပရိသတ်တွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် ဂရင်းဝုဒ်ကို လာမယ့် နွေဈေးကွက်မှာ အပြီးသတ် ရောင်းချဖို့သာ စဉ်းစားထားကြောင်း သိရှိရပါတယ်။