အသင်းသစ်မှာ ရှယ်ခြေစွမ်းပြနေတဲ့ သရဲနီဟောင်းကို ပြန်ခေါ်ဖို့ မန်ယူ ပရိသတ်တွေ တောင်းဆိုနေကြပါပြီ
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ဖီနာဘာချီအသင်းမှာ အံ့ဩသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြကစားနေတဲ့ ဖရက်ကို အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ဆောင်ရန် တောင်းဆိုလာကြပါတယ်။
ဖရက်ဟာ ယူနိုက်တက်တွင် ၅ နှစ်ကြာ ကစားပြီးနောက် နွေရာသီတုန်းက ဖီနာဘာချီသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဖရက်ဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း ၂၁၃ ပွဲကစားရာမှာ ၁၄ ဂိုးသွင်းယူနိုင်ပြီးနောက် ပေါင် ၁၃ သန်း တည်းဖြင့် ဖီနာဘာချီသို့ ရောင်းချခြင်းခံခဲ့ရပါတယ်။
သူဟာ တူရကီသို့ ရောက်ပြီးနောက် အကောင်းဆုံးပုံစံဖြင့် ကစားနေကာ ဖီနာဘာချီကို တူရကီစူပါလိဂ် ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီထားပါတယ်။
ဖီနာဘာချီဟာ ထိပ်ဆုံးမှ ခါ့းသီးတဲ့ပြိုင်ဘက် ဂါလာတာစာရေးနှင့် ရမှတ် ၂ မှတ်တည်းသာ ကွာဟနေပြီး ယခုရာသီမှာ ရှုံးပွဲ ၁ ပွဲတည်းသာ ကြုံထားပါတယ်။
အံ့ဩသင့်စရာကောင်းတာကတော့ ဖရက်ဟာ ဖီနာဘာချီမှာ ကစားနေစဉ်အတွင်း အရှုံးရဲ့ အရသာကို မကြုံဖူးသေးတာပါ။ သူဟာ ဖီနာဘာချီအတွက် ၂၄ ပွဲကစားထားရာမှာ ၂၃ ပွဲနိုင်ပွဲရထားပြီး ၁ ပွဲသရေကျထားကာ အံ့ဩသင့်စရာကောင်းတဲ့ မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်များဟာ ဖရက်ကို အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ဆောင်ရန် အသင်းကို တိုက်တွန်းလျက်ရှိကြပါတယ်။