အသင်းဖော်တွေ မကျေမနပ်ဖြစ်စေတဲ့ အင်တာဗျူး တစ်ခု လုပ်ခဲ့လို့ မေးခွန်းတွေ ထုတ်ခံနေရတဲ့ တိုက်စစ်မှုး ဟွိုင်လန်း
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းဟာ အသင်းအတွက် မီးမွှေးလွန်းတဲ့ ‘The United Stand’ YouTube Channel နဲ့ အင်တာဗျူး လုပ်ခဲ့တာကြောင့် အသင်းဖော်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒိန်းမတ်လူငယ်ကြယ်ပွင့်ကစားသမား ဟွိုင်လန်းဟာ အခုနှစ်အတွင်း ယူနိုက်တက်အတွက် ခြေစွမ်းပြပြီး ၆ ပွဲ ကစား၊ ၇ ဂိုးအထိ သွင်းနိုင်ခဲ့ပေမဲ့ ခြေစွမ်းပြနေချိန်မှ ဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းမှာ ဟွိုင်လန်းက ‘The United Stand’ YouTube Channel နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး သူ့ခြေစွမ်းတိုးတက်လာမှုနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
‘The United Stand’ YouTube Channel ဟာ ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်သူ မာ့ခ်ဂိုးလ်ဘရစ်ချ်ရဲ့ ကိုယ်ပိုင် Channel ဖြစ်ပြီး subscribers ၂ သန်းနီးပါး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မာ့ခ်ဂိုးလ်ဘရစ်ချ်ဟာ သူ့ ရုပ်သံတွေကို လူကြည့်များစေဖို့ ယူနိုက်တက်အသင်းနဲ့ကစားသမားတွေကြား မတည်မငြိမ်ဖြစ်အောင် ဖန်တီးလေ့ရှိတယ်ဆိုတဲ့ ဝေဖန်သံထွက်ပေါ်ခဲ့ဖူးပြီး ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်း ပေါ်လ် ပါကားက မာ့ခ်ဂိုးလ်ဘရစ်ချ်ကြောင့် ယူနိုက်တက်အသင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ခဲ့တယ်လို့ ပြစ်တင်ခဲ့ပါတယ်။
အခု မာ့ခ်ဂိုးလ်ဘရစ်ချ်နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့အတွက် ဟွိုင်လန်းကို အသင်းဖော်တွေက မေးခွန်းထုတ်ခဲ့ကြတာဖြစ်တယ်လို့ the United We Stand မဂ္ဂဇင်းက သတင်းဖော်ပြခဲ့ပါတယ်။
မာ့ခ်ဂိုးလ်ဘရစ်ချ်ကတော့ the United We Stand မဂ္ဂဇင်းရဲ့ သတင်းအပေါ် ဂရုမစိုက်ဘဲ မနာလိုတဲ့စိတ်နဲ့ အခုလိုတိုက်ခိုက်တာဖြစ်သလို ကစားသမားတစ်ဦးဟာ သူနဲ့အင်တာဗျူး မလုပ်ချင်ရင် ဖျက်သိမ်းခွင့်ရှိတယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။