ဂရင်းဝုဒ်ကို ရောင်းထုတ်ဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး စပိန်မှာ ခြေသွက်နေတဲ့ မန်ယူအသင်း

မန်ယူအသင်းဟာ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ဘာစီလိုနာအသင်းဆီရောင်းဖို့ လှုပ်ရှားနေပြီလို့ စပိန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီကိစ္စကို အကောင်အထည်ဖော် ဖို့အတွက် မန်ယူအသင်း အကြီးအကဲတချို့ဟာ ဘာစီလိုနာကိုလာပြီး အားကစား ဒါရိုက် တာ ဒေကိုနဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်သားဖြစ်တဲ့ ဂရင်း ဝုဒ်ဟာ မန်ယူကနေ လာလီဂါကလပ် ဂီတာဖေးဆီကို အငှားနဲ့ လာကစားနေတာပါ။ စပိန် ကလပ်နဲ့အတူ အသားကျလာတဲ့ ဂရင်းဝုဒ်ကို လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကိုယ်တိုင် မျက်စိ ကျနေတာဖြစ်ပြီး စပိန်မှာပဲ ဆက်ရှိနေစေချင်တဲ့ စကားမျိုးတွေ ပြောထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂရင်းဝုဒ်ကို ခေါ်ဖို့အတွက် ဘာစီလိုနာအသင်းက ကြိုးစားနေပြီး ဖြစ်နိုင် ခြေရှိတဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ စပိန်အခြေစိုက် သတင်းစာ Marca က ရေးသားဖော်ပြပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကစား သမားကို ဘာစီလိုနာရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုအသင်းကလည်း လိုချင်နေ ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းအထိ ပေးပြီး ခေါ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ယူနိုက်တက် အကြီးအကဲတွေဖြစ်တဲ့ ဂျွန်မာတောက်နဲ့ မက်ဟားဂရေ့ဗ်တို့ဟာ စပိန်မှာ ခြေရှုပ်နေပြီး ဘာစီလိုနာမြို့မှာ အားကစားဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံတာကို သတင်းမှတ်တမ်း အရယူနိုင်ခဲ့သူတွေ ရှိပါတယ်။

ဒီတွေ့ဆုံမှုမှာ မက်ဒရစ်အခြေစိုက် အေးဂျင့်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဖက်ဒီကို မာဆာအီ၊ ဘောလုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက်ဖြစ်တဲ့ ဖရန့်ထရင်ဘိုလီတို့ကိုလည်း ဒေကိုနဲ့ အတူ တွေ့ခဲ့ရပါတယ်။

မန်ယူအကြီးအကဲတွေဖြစ်တဲ့ ဂျွန်မာတောက်နဲ့ ဟားဂရေ့ဗ်တို့ဟာ စပိန် နိုင်ငံအပြင် ဂျူဗင်တပ်၊ အေစီမီလန်တို့နဲ့ ဆွေးနွေးဖို့အတွက်လည်း အီတလီကို ခြေဆန့် ခဲ့ကြတာမျိုး ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ လက်ရှိမှာ ဂရင်းဝုဒ်ကို ခေါ်ချင် နေတဲ့ ကလပ်အသင်း တော်တော်များများရှိနေပြီး ဆော်ဒီပရိုလိဂ် ကလပ်တွေလည်း ပါနေတယ်လို့ သိရပါတယ်။