လီဗာပူးနဲ့ ကန်မယ့် အက်ဖ်အေဖလားပွဲ မတိုင်မီ ပလန်ကျကျ ညစာစားပွဲ လုပ်ခဲ့ကြတဲ့ ယူနိုက်တက် အသင်းသားများ

မန်ချက်စတာယူနိုက်တက်စတားများဟာ လီဗာပူးနှင့် အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ ညစာအတူစားပြီး အသင်းရဲ့ စည်းလုံးရေးအတွက် အားဖြည့် လုပ်ဆောင်လာပါတယ်။

ယူနိုက်တက်ပထမအသင်းမှ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များဟာ တနင်္ဂနွေနေ့ည လီဗာပူးနှင့် ရင်ဆိုင်ရမဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ညစာအတူ စားလာတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ညစာစားပွဲသို့ နည်းပြအဲရစ်တန်ဟက်၊ လက်ထောက်နည်းပြစတိဗ်မက္ကလာရင်၊ နည်းစနစ်ဒါရိုက်တာဒါရင်းဖလက်ချာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ယူနိုက်တက်စတားများဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ခရစ္စတီယန်အဲရစ်ဆင်၊ ရာစမပ်စ်ဟွိုင်းလန်း၊ လင်ဒီလော့ဖ်၊ မားကပ်စ်ရက်ဖို့ဒ်၊ ကိုဘီမိုင်နိုး၊ ဟယ်ရီမက်ဂွိုင်းယား၊ စကော့မက်တိုမီနေး၊ လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီ၊ ဒီယေဂိုဒါလော့၊ မေဆင်မောင့်တို့ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ယူနိုက်တက်အသင်းသားတို့ရဲ့ ညစာစားပွဲကို အမဲသားစတိတစ်ပွဲကို ၆၂ ပေါင်ကျသင့်တဲ့ Ivy Asia စားသောက်ဆိုင်မှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကလပ်ရဲ့ ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်ဖြစ်တဲ့ အက်ဖ်အေဖလားပွဲအတွက် ကွင်းတွင်းကွင်းပြင် အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာမှ အက်စတွန်ဗီလာနှင့် ရမှတ် ၈ မှတ်အထိ ကွာဟနေပါတယ်။