ကားတစ်ဂျုံးစ်၊ ပေါ့ဘာ၊ ဟာလန်းအတွက် အားတက်တဲ့ အင်္ဂလန်ကလပ်များနဲ့ နံနက်ခင်း သတင်းများ
လီဗာပူး ကွင်းလယ် ကစားသမားဟာ ကာတစ်ဂျုံးဟာ မျက်လုံးဒဏ်ရာ ပြန်ကောင်းလာဖို့ ကြိုးစားနေဆဲဖြစ်သလို ရက်သတ္တပတ် အနည်းငယ်လောက် လွဲချော်မှာဖြစ်ကြောင်း ကလပ် ဆရာဝန်က အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်လူငယ်တိုက်စစ်မူှး အန်ကတ်တီးရား ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲ ဒေါ့မွန်လည်း ပါဝင်လာခဲ့ပါပြီ။ အန်ကတ်တီးရား အနေနဲ့ အာဆင်နယ်ထံ အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားခဲ့ပြီး သူ့ကို ပဲလေ့စ်ကလည်း ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ဂျူဗင်တပ်အနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ကူလူဆက်စကီးနဲ့ အာဆင်နယ် တောင်ပံကစားသမား ပီပီတို့ကို အလဲအထပ်ပြုလုပ်ဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ ဂျူဗင်တပ် အနေနဲ့ ကူလူဆက်စကီးအတွက် ပြောင်းရွှေ့ကြေးသာ ရယူလိုနေတာ ဖြစ်ပါတယ်။
ကော်နာ ဂယ်လာဂါဟာ အင်္ဂလန်လက်ရွေးစင်အဖြစ် သူ့ရဲ့ တိုးတက်လာမှု နောက်ကွယ်မှာ ခရစ္စတယ် ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီအဲရာက အဓိက ကူညီပေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက ပေါ့ဂ်ဘာအနေနဲ့ မန်ယူကနေ ထွက်ခွာဖို့ ရှိနေတဲ့အကြောင်း အရိပ်အမြွက် ဆိုခဲ့ပါတယ်။ ဒီဇင်ဘာဟာ အိပ်မက်တွေရှိနေတဲ့လဖြစ်ကြောင်း၊ ပေါ့ဂ်ဘာရဲ့စာချုပ် အကြောင်းပြောဖို့ စောလွန်းသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဟာလန်းက လာလီဂါထံ မလာဘဲ ပရီးမီးယားလိဂ်ကို သွားမယ် ဆိုတာကို ရီးရဲလ်မက်ဒရစ်က လက်ခံခဲ့တယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက် အင်္ဂလန်ကလပ်တွေ သူ့ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းမှုမှာ အားတက်စရာ ဖြစ်လာပါတယ်။
ဂျိုနုသန် ဝုဒ်ဂိတ်က ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချဲလ်ဆီးအသင်း ရရှိလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ လူကာကူကို ခေါ်ယူပြီးနောက် ချဲလ်ဆီးဟာ မွန်းစတားအသင်းဖြစ်နေပြီဖြစ်ကြောင်း၊ ရီစီဂျိမ်းစ်၊ ချီဝဲလ်တို့ကလည်း တိုက်စစ် လိုက်ပါမှုကောင်းပြီး တူချယ်ရဲ့ပုံစံနဲ့ ကွက်တိအံ့ဝင်မှုရှိကြောင်း ဆိုခဲ့တာပါ။

စတီဗင် ဂျရတ်ဟာ ရိန်းဂျားကြယ်ပွင့်တွေဖြစ်တဲ့ ကွန်နာဂိုးလ်ဆန်၊ ဂလင်းကာမာရာ၊ ရိုင်ယန်ကန့်နဲ့ ဂျိုးအာရီဘိုတို့ကို ပရီးမီးယားလိဂ်ထံ ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ စကော့သတင်းတွေက ဖော်ပြနေပါတယ်။
ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကတော့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ မက်ဆီနဲ့ အင်နီယေစတာတို့ အသင်းကို ပြန်လာနိုင်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။
အဲဗာတန်ဟာ အာဆင်နယ် အသင်းသား မိတ်လန်နိုင်းစ်အတွက် အငှားအပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု မယူနိုင်ရင် ချမ်ဘားစ်ကို ပြောင်းလဲချိန်ရွယ်ပြီး ဇန်နဝါရီမှာ ခေါ်ယူဖွယ် ရှိပါတယ်။