ပီအက်စ်ဂျီက ၇၅ သန်း ပေးမယ် ဆိုလည်း ရပ်ရှ်ဖို့ဒ် က Not for sale လို့ ပြတ်သားလိုက်တဲ့ တန်ဟက်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက် က ပီအက်စ်ဂျီအသင်း စိတ်ဝင်စားနေတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ အသင်းကနေ ရောင်းထုတ်သွားမယ့် ကစားသမား မဟုတ်ဘဲ ယူနိုက်တက်မှာပဲ ကာလရှည်ကြာ ဆက်ရှိနေမယ့်သူလို့ အသိပေးလိုက်ပါတယ်။
အမ်ဘာပေကို လာမယ့်နွေမှာ လက်လွတ်သွားရတော့မယ့် ပီအက်စ်ဂျီက ဘာပေနေရာအတွက် တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေရာ အဲ့ဒီပစ်မှတ်တွေထဲ ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ပါ ပါဝင်နေပါတယ်။

ပီအက်စ်ဂျီက ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းအပြင် တစ်ပတ်လုပ်ခ ပေါင် (၄)သိန်း ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရာ ဒီသတင်းကို ယူနိုက်တက် နည်းပြ တန်ဟက် ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။
“အသင်းကနေ ရောင်းချသွားဖို့ ရည်ရွယ်ချက်ထားတဲ့ ကစားသမားတစ်ယောက်ကို (၄)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့မှာ မဟုတ်ပါဘူး။ မရောင်းချပါဘူး။ မားကပ်စ်က ဒီအသင်းရဲ့ ပရောဂျက် တစ်စိတ်တစ်ပိုင်းသာ ဆက်လက် ဖြစ်နေသင့်ပါတယ်။ သူ့အပြောင်းအရွှေ့အကြောင်းတွေက အခုလို ပြောစရာကို မလိုတာပါ။” လို့ တန်ဟက် က တုံ့ပြန်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီထဲ ပြိုင်ပွဲစုံ ဂိုး(၃၀) သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့လို့ ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်ကို ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ဒီရာသီမှာ (၃၄)ပွဲ ကစားထားပြီးချိန်မှာတင် သူရဲ့ သွင်းဂိုးက (၇)ဂိုးသာ ရှိနေရပါတယ်။
ဒီလို ခြေစွမ်းပိုင်း တသမတ်တည်း ရှိမနေတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရောင်းချလိုက်ဖို့ ယူနိုက်တက် ပရိသတ်တွေက လိုလားနေပေမယ့်လည်း နည်းပြ တန်ဟက် ကတော့ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းအတွက် Not for sale ကစားသမားသာ ဖြစ်ကြောင်း အသိပေးလာခဲ့တာပါ။