ချန်ပီယံလိဂ်မှာ မပါရရင် နှစ်တိုင်း လျော်ကြေး ပေးရတော့မယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ပျောက်ဆုံးခဲ့ပါက နှစ်တိုင်း ပေါင် ၁၀ သန်း လျော်ကြေးပေးသွားရမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အက်ဒီးဒက်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ မန်ယူအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နှစ်တိုင်း ရရှိဖို့ လိုအပ်နေပြီး အကယ်၍ ၂ နှစ်လောက် ဝင်ခွင့် ဆုံးရှုံးခဲ့ပါက လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်တန်ကြေးထဲမှ ပေါင် ၁၀ သန်း နှစ်တိုင်း အနှုတ်ခံသွားရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ အက်ဒီးဒက်စ်တို့ ချုပ်ဆိုထားတဲ့ အဆိုပါစာချုပ်ဟာ ၂၀၂၅ မှ စတင် အသက်ဝင်မှာ ဖြစ်ပြီး လက်ရှိ ချုပ်ဆိုထားတဲ့ ပေါင် သန်း ၇၅၀ တန် စာချုပ်က အဆိုပါ ၂၀၂၅ မှာ အပြီးသတ် ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ မန်ယူအသင်းရဲ့ အမျိုးသားအသင်း ဒါမှမဟုတ် အမျိုးသမီးအသင်းသာ ပရီးမီးယားလိဂ်၊ အက်ဖ်အေစတဲ့ ဖလားတွေကိုသာ ရရှိခဲ့ပါက ပေါင် ၄.၄ သန်းအထိ အပိုဆုကြေး ရရှိမှာ ဖြစ်ပြီး ချန်ပီယံလိဂ်လို ဖလားမျိုး ရယူနိုင်ခဲ့ရင်တော့ အက်ဒီးဒက်စ်ထံမှ နောက်ထပ် အပိုဆုကြေးတွေ ရရှိဦးမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အက်ဒီးဒက်စ်နဲ့ စာချုပ်သစ် ဆယ်နှစ် ထပ်မံချုပ်ဆိုထားပြီး အဆိုပါ စာချုပ်အရ တစ်ရာသီ ပေါင် သန်း ၉၀ ရရှိမှာ ဖြစ်တာကြောင့် စုစုပေါင်း ပေါင် သန်း ၉၀၀ အထိ ရရှိပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။