အိုးထရက်ဖို့ဒ်မှာ ပမာမခန့်လာလုပ်တဲ့ လီဗာပူးလ်အား မန်ယူအသင်း ဘယ်လို ဆုံးမ၊ အနိုင်ယူသွားခဲ့သလဲ

မနေ့က တနင်္ဂနွေနေ့ည အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး အချိန်ပိုမှာ အာမက် ဒီယာလို သွင်းယူပေးခဲ့တဲ့ နောက်ကျ အနိုင်ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်က ၄-၃ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့က ပိုမိုကောင်းမွန်တဲ့ ကစားပုံနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပြီး မက်တော်မီနေးရဲ့ ၁၀ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ အစောပိုင်းကတည်းက ဦးဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကလည်း ဂိုးပေါက်အပိုင်ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း အိုနာနာက အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး အန်ဒိုရဲ့ ဂိုးက လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးဖို့ ၁ မိနစ်အလိုမှာ မက္ကယ်လစ္စတာရဲ့ ပင်နယ်တီဧရိယာထဲက ကန်ချက်ကို မိန်းနိုး ပိတ်ဆို့ဖို့ ကြိုးပမ်းရာမှာ လမ်းကြောင်းပြောင်းသွားခဲ့ပြီး အိုနာနာလည်း လက်လှမ်းမမီဘဲ ချေပဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄၅+၂ မိနစ်မှာ နူးညက်ဇ် ကန်သွင်းလိုက်တဲ့ ဘောလုံးကို အိုနာနာ ပုတ်ထုတ်ကာကွယ်ရာကနေ လျှံထွက်လာတဲ့ဘောလုံးကို ဆာလားက ညာခြေနဲ့ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးလ်က အိမ်ရှင်တွေကို ၂-၁ နဲ့ ဦးဆောင်နေပါတယ်။

ဒုတိယပိုင်း စတယ်ဆိုတာနဲ့ လီဗာပူးလ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တရစပ် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တစ်သင်းလုံး ခံစစ်ကိုဆင်းပြီး ခုခံနေခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား အိုနာနာကို လီဗာပူးလ်တစ်သင်းလုံးနီးပါး ဂိုးကန်သွင်းမှု လေ့ကျင့်နေသလား ထင်မှတ်ရလောက်အောင် ဂိုးပေါက်ကန်သွင်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အိမ်ရှင်တွေကတော့ ပထမပိုင်းအစက ခြေစွမ်းနဲ့ ဆန့်ကျင်ဘက် တပ်ပျက်နေခဲ့ပါတယ်။

၈၇ မိနစ်မှာတော့ လီဗာပူးလ်ကို မန်ချက်စတာယူနိုက်တက်က တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး မက်တော်မီနေးခြေထောက်ထဲက ဘောလုံးကို လီဗာပူးလ်ကစားသမားသမားတွေ ဖျက်ထုတ်ခဲ့ရာကနေ အန်တိုနီရသွားပြီး ဘယ်တောင်ပံက ဂါနာချိုဆီ ပေးပို့ခဲ့ရာမှာ အာဂျင်တီးနားတောင်ပံကစားသမားက ကန်သွင်းဖို့ ကြိုးစားခဲ့ရာကနေ အန်တိုနီ ပြန်ရသွားပြီး ၃၆၀ ဒီဂရီ တပတ်လည်ပြီး ညာခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ပတ်ကန်သွင်းသွားပြီး အိမ်ရှင်တို့ ချေပဂိုးရခဲ့ပါတယ်။

ချေပဂိုးရသွားခဲ့တဲ့နောက် အိမ်ရှင် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားအားက သိသိသာသာ တက်လာခဲ့ပြီး လီဗာပူးလ် ကွင်းဘက်ခြမ်းမှာ တရစပ်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ ရက်ရှ်ဖို့ဒ် အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့်လည်း ပုံမှန်သွင်းယူနေကျပုံစံအတိုင်း မသွင်းယူနိုင်ခဲ့ဘဲ ဂိုးညာဘက်တိုင်ဘေးကို ကပ်ထွက်သွားခဲ့လို့ အိမ်ရှင်တို့ နောက်ကျအနိုင်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပုံမှန်ပွဲကစားချိန်ပြည့်တဲ့အချိန်အထိ တစ်ဖက် ၂ ဂိုးစီ သရေကျနေတာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး ပထမပိုင်းပြီးဆုံးခါနီးနောက်ဆုံးမိနစ်မှာ ဟာဗီး အဲလီးယော့တ်က ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းမှုကို ပိတ်ဆို့ခဲ့တဲ့ အဲရစ်ဆင်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတာကြောင့် အိုနာနာ ဟန်ချက်ပျက်ပြီး ဒိုင်ဗင်ပစ်ပေမယ့် မမီတော့ဘဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်တို့ ချေပဂိုး ပြန်ရဖို့ အသည်းအသန် တိုက်စစ်ဆင်လာခဲ့ပြီး ၁၁၂ မိနစ်မှာ ဒါဝင် နူးညက်ဇ်က လီဗာပူးလ်ကွင်းဘက်ခြမ်းကနေ တိုက်စစ်ကို ဘောလုံးပေးပို့ဖို့ ကြိုးပမ်းခဲ့ရာမှာ မက်တော်မီနေးက ကြားဖြတ်ရယူသွားနိုင်ခဲ့ပြီး ဂိုးဧရိယာထဲ ပြေးဝင်ဖို့ စောင့်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

တစ်ပွဲလုံး ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်နေခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဒီတစ်ကြိမ်မှာတော့ ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ ရှာဖွေနေတဲ့ အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်နောက်ဆုံးမိနစ်မှာ လီဗာပူးလ် ထောင့်ကန်ဘောရခဲ့ရာကနေ မက်တော်မီနေး ခေါင်းတိုက်ရှင်းထုတ်လိုက်တဲ့ဘောလုံးကို အဲလီးယော့တ်ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အာမက် ဂျယ်လိုက ကြားဖြတ်ရယူသွားပြီး ဂါနာချိုဆီပေးပို့ပြီး လျင်လျင်မြန်မြန်ပဲ တန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

ဂါနာချိုက ပင်နယ်တီ ဧရိယာထိပ်နားအရောက်မှာ ဘေးမှာလိုက်ပါလာတဲ့ အာမက် ဒီယာလိုကို ပေးခဲ့ရာမှာ ဘယ်ခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့ပြီး ကယ်လီဟာ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာကြောင့် မန်ချက်စတာယူနိုက်တက်တို့ ၄-၃ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။