အာဆင်နယ်ကို ရှုံးခဲ့တဲ့ ပွဲအပေါ် အခဲမကြေသေးဘဲ ဒေါကန်နေသေးတဲ့ မန်ယူ နည်းပြ တန်ဟက်

မန်ယူ နည်းပြ အဲရစ် တန်ဟက်ဟာ စက်တင်ဘာလတုန်းက အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး အခဲမကြေဘဲ ဒေါသထွက်နေသေးပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညက အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကို ၄-၃ နဲ့ အလဲထိုးနိုင်ခဲ့ပြီးနောက် ဒီနိုင်ပွဲက အသင်းအတွက် အလှည့်အပြောင်းဖြစ်လာမလားလို့ တန်ဟက်ကို သတင်းထောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

နည်းပြ တန်ဟက် က စက်တင်ဘာ ၃ ရက်နေ့က မန်ချက်စတာယူနိုက်တက်ကို အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရသွားတဲ့ပွဲကို ရည်ညွှန်းပြီး ၎င်းရဲ့အသင်းက အငြင်းပွားဖွယ် အခြေအနေမှာ ရှုံးနိမ့်ခဲ့ရတာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါနာချိုက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်း ၈၈ မိနစ်မှာ အနိုင်ဂိုးဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က အငြင်းပွားဖွယ် လူကျွံဘော သတ်မှတ်ပြီး ငြင်းပယ်ခဲ့ပြီးနောက် ဂန်းနားတွေက အချိန်ပိုမှာ ၂ ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

“အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့တယ်။ ဥပမာအနေနဲ့ပြောရရင် အာဆင်နယ်နဲ့ပွဲပေါ့။ အဲဒါက ဒီရာသီရဲ့ ၄ ပွဲမြောက်ပွဲလားမသိဘူး။ ကျွန်တော်တို့ ဟွိုင်လန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် ပင်နယ်တီရခဲ့သင့်တယ်။

ပြီးတော့ ဂါနာချို ဂိုးသွင်းတာ ခွင့်မပြုခဲ့ဘူး။ ပြီးတော့ ကျွန်တော်တို့ အမြဲတမ်း ခွင့်မပြုခဲ့သင့်တဲ့ဂိုးတွေ ပေးခဲ့ရတယ်။ အဲဒီလို အခိုက်အတန့်တွေက ခင်ဗျားကို အကူအညီပေးနိုင်ပါတယ်။ အသင်းတိုင်းက ရာသီထဲမှာ အဲဒီလို အခိုက်အတန့်တွေလိုတယ်။

ကျွန်တော်တို့ ဘယ်တုန်းကမှ အဲဒီလို အခိုက်အတန့်မျိုးမရခဲ့ဘူး။ ဒါပေမယ့် ခုကတော့ အဲဒီအခိုက်အတန့်ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။