သရဲနီတွေရဲ့ အနိုင် ပျော်ရွှင်မှုကို ဝင်ဖျက်ပြီး သိပ်ပျော်မနေနဲ့ သတိပေးလိုက်တဲ့ ဂျင်မီ ကာရေဂါ
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးအသင်းရဲ့ အကြိမ်ကြိမ် ဦးဆောင်ဂိုး သွင်းခြင်း ခံခဲ့ရပေမယ့် ချေပဂိုးများ ပြန်လိုက် သွင်းနိုင်ခဲ့သလို အချိန်ပို မိနစ် ၃၀ မှာ လီဗာပူးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ပုံမှန် ပွဲချိန်တွင်း ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ကာ အချိန်ပိုမှာတော့ အာမတ်ကပဲ လီဗာပူးကို အနိုင်ရစေမယ့် သွင်းဂိုးအား ကောင်တာ ကနေ သွင်းယူခဲ့တာပါ။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ လီဗာပူးရဲ့ ဖလား ၄ လုံး အိပ်မက်ကို ရပ်တန့်ပေးလိုက်ပါတယ်။

ဒါ့အပြင် ဆီမီးဖိုင်နယ် မဲခွဲရလဒ် ထွက်ပေါ်လာရာမှာလည်း ယူနိုက်တက်က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ထိပ်တိုက်တွေ့ကာ ဖိုးကံကောင်း ဖြစ်ခဲ့ပြီး တဖက်မှာ ချယ်ဆီး နဲ့ မန်စီးတီး တို့က အတွဲကျနေပါတယ်။
ယူနိုက်တက်တို့ အက်ဖ်အေ ဆီမီးဖိုင်နယ်ထံ တက်ရောက်အပြီးမှာ ဖာဒီနန်က ၂၀၀၄ တုန်းက လီဗာပူးကို အနိုင်ရခဲ့စဉ် အောင်ပွဲခံနေပုံနဲ့အတူ ” ဝင်ဘာလေ ” လို့ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါပုံမှာတော့ လီဗာပူး ကစားသမားဟောင်း ကာရေဂါလည်း ပါဝင်နေခဲ့တာပါ။
ကာရေဂါကတော့ ဒီပွဲနိုင်လည်း ယူနိုက်တက်ရဲ့ နည်းပြက တန်ဟက် ပါ ဆိုတာကို ထောက်ပြရင်း သရဲနီတို့ အပျော်ကို ကဖျက်ယဖျက် လုပ်ကာ သတိပေးသွားခဲ့တယ်။
” အေးဆေးပေါ့။ ဖိုင်နယ်မှာ မန်စီးတီးက မင်းတို့ကို အေးအေးဆေးဆေး အနိုင်ယူသွားဦးမှာ။ အဲရစ်တန်ဟက်ကလည်း နောက်ရာသီ ယူနိုက်တက်မှာပဲ ဆက်ရှိနေဦးမှာ။ ဒီနိုင်ပွဲက မင်းတို့ ထင်သလို နိုင်ပွဲမျိုး မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ကာ ချယ်ဆီး vs မန်စီးတီး အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။