ဒဏ်ရာကြောင့် ကလပ်ပွဲ တစ်ပွဲမျှ မလွဲခဲ့ဖူးတဲ့ ဘရူနိုဖာနန်ဒက်စ် နဲ့ သူပြောလာတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်

ဘရူနိုဖာနန်ဒက်စ် ဟာ ထူးထူးခြားခြား အနေနဲ့ သူ့ ကစားသမားဘဝတစ်လျှောက်လုံး ဒဏ်ရာကြောင့် ကလပ်ပွဲ တစ်ပွဲမျှ မလွဲခဲ့ဖူးပါဘူး။ ဒီမှတ်တမ်းက ဘောလုံးလောကမှာ အကြီးကျယ်ဆုံးမှတ်တမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အီတလီကလပ် နိုဗာရာအတွက် ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားကတည်းက ဒဏ်ရာကြောင့် ကလပ်ပွဲ တစ်ပွဲမျှ ပင် မလွဲချော်ခဲ့ဖူးပါဘူး။ သူ့ရဲ့ လျို့ဝှက်ချက်က ဘာများ ဖြစ်မလဲ?

အသက် ၂၉ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၂ နှစ် အတွင်းမှာ ၅၂၄ ပွဲအဓိက ကစားထားသလို အဲရစ်တန်ဟက်လက်ထက် ယူနိုက်တက်ရဲ့ ပွဲတိုင်း ပါဝင် ကစားထားသူလည်း ဖြစ်ပါတယ်။

သူဟာ ယခုရာသီမှာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားထားသလို တနင်္ဂနွေနေ့တုန်းက လီဗာပူးကို ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။

ဖာနန်ဒက်စ် တစ်ယောက် လီဗာပူးနှင့်ပွဲစဉ်နောက်ပိုင်းမှာ ခြေထောက်ထော့နင်းထော့နင်း ဖြစ်နေခဲ့တာ တွေ့ရပေမဲ့လည်း ပွဲချိန်ပြည့် မိနစ် ၁၂၀ ကစားသွားခဲ့ပါတယ်။

ယခုအခါမှာတော့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာပြဿနာမကြုံတွေ့လာခဲ့ရတဲ့ နောက်ကွယ်မှ အဓိကလျို့ဝှက်ချက်ကို ဖွင့်ချလာခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော့်အဖေနဲ့အမေ ကျေးဇူးကြောင့်ပေါ့။ သူတို့က မှန်ကန်တဲ့လမ်း၊ သန်မာတဲ့လမ်းမှာ လျှောက်လှမ်းစေတယ်။ သူတို့ နောက်ဆုံး ၂ ပွဲ လာကြည့်တယ်။ သူတို့က စွမ်းအင်အပိုပေးတယ်။ ကျွန်တော့်ကလေးတွေနဲ့ဇနီးကိုရောပဲ။ သူတို့က ကျွန်တော့်ကို အမြဲဂရုစိုက်ကြတယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော့်ဇနီးကလည်း ကျွန်တော့် အိမ်မှာ အေးအေးဆေးဆေးနားနေနိုင်အောင် အကောင်းဆုံးလုပ်တယ်။ အိမ်မှာ ကလေးနှစ်ယောက်နဲ့ဆိုတော့ ခက်တယ်။ သူတို့က ကစားချင်ကြတယ်။

အငယ်ဆုံးကောင်ဆို တချိန်လုံး ဘောလုံးကစားချင်နေတာ။ ဒါပေမဲ့ ကျွန်တော့် ကောင်းကောင်းနား၊ ကောင်းကောင်း မှေးခွင့်ရတယ်။ လိုချင်တာ အားလုံးရတယ်။ ဘာကြောင့်လဲဆိုတော့ သူ(ဇနီးသည်)ကူညီလို့ပါ။ ကျွန်တော် ဒီမှတ်တမ်းပိုင်ဆိုင်ထားတာ မိသားစုဝင်တွေကြောင့်ပါ”လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်တွင် ယူနိုက်တက်သို့ ပြောင်းလာပြီးနောက် တစ်ပွဲတည်းသာ လွဲချော်ထားသူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တုန်းက စပါးစ်နှင့် ပရီးမီးယားလိဂ်ပွဲအား ဖျားနာ နေမကောင်းမှုကြောင့် လွဲခဲ့တာ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်သို့ မပြောင်းမီ ဆမ်ဒိုးရီးယားမှာ ကစားတုန်းက တစ်ပွဲ လွဲခဲ့ဖူးပေမဲ့ နေမကောင်းမှု ကြောင့် ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် လွဲခဲ့တာ မဟုတ်ပါဘူး။