အမ်ဘာပေ၊ ဘယ်လင်ဟမ်တို့နဲ့ သူတို့လို ကြယ်ပွင့် ကစားသမားတွေ မန်ယူက ခေါ်မှာ မဟုတ်တော့ကြောင်း ရက်ကလစ်ဖ် အပြတ်ပြော
မန်ချက်စတာ ယူနိုက်တက် အသင်း ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်ကတော့ အမ်ဘာပေ၊ ဘယ်လင်ဟမ်တို့လို နာမည်ရ ကစားသမားတွေကို အသင်းထံ ခေါ်ယူအားဖြည့်သွားမှာ မဟုတ်ကြောင်း အသိပေး ပြောဆိုသွားခဲ့ပါတယ်။
ရက်ကလစ်ဖ်ဟာ ၎င်းလက်ထက် မတိုင်ခင် ခေါ်ယူထားတဲ့ ကာဆီမီရို၊ အန်တိုနီ စတဲ့ ကစားသမားတွေရဲ့ တန်ကြေးမြင့် ခေါ်ယူမှုတွေကို အကြိုက် မတွေ့ ဖြစ်နေသူ တစ်ယောက်ဖြစ်ပြီး ၎င်းတို့ရဲ့ ပေါ်လစီအရ နာမည်ရ ကစားသမားတွေကို ရှေ့လျှောက်ခေါ်ယူသွားဖွယ် မရှိကြောင်း သတင်းရရှိပါတယ်။

ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး ရက်ကလစ်ဖ်က “ သူ့လို ပုံစံကစားသမားတွေက ကျွန်တော်တို့ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်ခြင်း မရှိပါဘူး၊ သူက ဂရိတ် ကစားသမားတစ်ယောက်ဆိုတာတော့ အမှန်ပါပဲ၊ ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ခေါ်ပြီး ငွေသုံးတာက ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။
မန်ယူအသင်းက ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ဒီလို နည်းလမ်းတွေကို အသုံးပြုခဲ့ကြသလို ပိုက်ဆံအများကြီး ဖြုန်းပစ်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ကတော့ အသင်းနဲ့ တကယ်ကိုက်ညီတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူသွားမှာပါ၊ အမ်ဘာပေနဲ့ ပတ်သက်ပြီး ပြောရရင်လည်း ကျွန်တော်တို့က ဘတ်ပေ လက်သစ်ကိုပဲခေါ်သွားမှာပါ။
လက်ရှိ ဘတ်ပေကိုတော့ ခေါ်ယူသွားမှာ မဟုတ်ပါဘူး၊ အောင်မြင်မှုအတွက် ငွေသုံးသွားမှာ မဟုတ်ပါဘူး ဘတ်ပေကို အခုချိန် သွားခေါ်ဖို့ဆိုတာက လိမ္မာတဲ့ ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပါဘူး ၊ ဘယ်လင်ဟမ် လက်သစ်၊ အမ်ဘာပေ လက်သစ်၊ ရွိုင်ကိန်း လက်သစ် ဖြစ်လာမယ့် ကစားသမားတွေကိုပဲ ခေါ်ယူသွားမှာပါ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန် တည်ဆောက်ခဲ့တဲ့ ရွှေရောင်မျိုးဆက်အစုအဖွဲ့လိုမျိုး ရက်ကလစ်ဖ်တို့အဖွဲ့ ထပ်မံဖော်ဆောင်လိုနေပြီး အကယ်ဒမီ ကစားသမားတွေနဲ့အတူ အခြား ရွက်ပုံးသီး ကစားသမားတွေကိုသာ လိုက်လံရှာဖွေ ခေါ်ယူသွားဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။