ဆောက်ဂိတ် တကယ်ပဲ မန်ချက်စတာယူနိုက်တက် နည်းပြသစ် ဖြစ်လာမှာလားနဲ့ ရက်ကလစ်ဖ် ပြောစကားများ

မန်ချက်စတာယူနိုက်တက် နည်းပြရာထူးအတွက် ရေပန်းစားသူတွေထဲမှာ ဆောက်ဂိတ်က ဂရေဟမ်ပေါ်တာကို ကျော်ဖြတ်ပြီး ထိပ်ဆုံး ရောက်လာပါတယ်။

ယူနိုက်တက်အသင်း ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဂျင်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ် ဖြစ်ခဲ့ရင် ချယ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာက ယူနိုက်တက်နည်းပြထိုင်ခုံပေါ် ရောက်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က လက်ရွေးစင်အသင်းနဲ့စာချုပ်သက်တမ်းတိုးမဲ့ကိစ္စကို ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှ ဆုံးဖြတ်သွားမယ်လို့ ဆိုခဲ့သလို ရက်ကလစ်ဖ်ကလည်း “ကျွန်တော်တို့ အသင်းနည်းပြရာထူးအတွက် အရည်အချင်းရှိပြီး သင့်တော်တဲ့သူမျိုးတွေ့လာရင် နည်းပြသစ်ခန့်ဖို့ ချက်ချင်းဆောင်ရွက်သွားမှာပါ”လို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာဟာ ဘရိုက်တန်အသင်းနည်းပြဘဝတုန်းက အခု ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာသစ်ဖြစ်လာဖို့ နီးစပ်နေသူ ဒန်အက်ရှ်ဝေါ့သ်နဲ့ လက်တွဲခဲ့ဖူးပြီး ဆောက်ဂိတ်ကလည်း FA မှာ ဒန်အက်ရှ်ဝေ့ါသ်နဲ့ အလုပ်အတူတူလုပ်ခဲ့ဖူးပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်နေရာမှာ အစားထိုးဖို့ ဆောက်ဂိတ်ကို နံပါတ် ၁ ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စိတ်ပျက်စရာ ရလဒ်တွေနဲ့အတူ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်ခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆ နေရာ ရပ်တည်နေတာကြောင့် လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာသေးပါဘူး။

အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အနာဂတ်မသေချာတော့ဘဲ ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲရဖို့ နီးစပ်နေပါပြီ။ အခု ဘွတ်ကီဒိုင်တွေရဲ့ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားသူတွေထဲမှာ ဆောက်ဂိတ်က ထိပ်ဆုံးနေရာရောက်ရှိနေပြီဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ဆောက်ဂိတ်တို့ရဲ့စာချုပ်က အခုနှစ်၊ ဒီဇင်ဘာကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဆောက်ဂိတ်ကို ဆက်ထိန်းနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းမှာဖြစ်ပေမဲ့ ရက်ကလစ်ဖ်ကတော့ ဆောက်ဂိတ်အတွက် စာချုပ်လျော်ကြေး ပေါင် ၈၀၀,၀၀၀ ပေးပြီးတော့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။