ဆောက်ဂိတ်က အင်္ဂလန်အသင်းအတွက် မန်ယူလူငယ်ကြယ်ပွင့် မိုင်နူး ကို ရွေးချယ်ခဲ့လို့ လီဗာပူးလ်ပရိသတ်တွေ မကျေမနပ် ပြောဆိုနေ
အင်္ဂလန်အသင်းလူစာရင်းမှာ သရဲနီ လူငယ်ကြယ်ပွင့်လေး ကိုဘီ မိုင်နူးကို ရွေးချယ်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် လီဗာပူးလ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပါတယ်။
အင်္ဂလန်အသင်းဟာ နိုင်ငံတကာခြေစမ်းပွဲတွေအဖြစ် ဒီလထဲမှာ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နဲ့ကစားသွားမှာဖြစ်ပြီး အဲဒီပွဲတွေအတွက် ဆောက်ဂိတ်က ကိုဘီ မိုင်နူး ကို လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆောက်ဂိတ်က ကိုဘီမင်နူးကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်မှာ မဟုတ်သေးဘူးလို့ လူသိရှင်ကြားပြောဆိုခဲ့ပေမယ့် မိုင်နူးဟာ အဇာဘိုင်ဂျန်၊ လူဇင်ဘတ်နဲ့ကစားမဲ့ပွဲအတွက် အင်္ဂလန်ယူ-၂၁ အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဆောက်ဂိတ်က “ကိုဘီမင်နူးရဲ့ခြေစွမ်း အခုထက် ပိုတိုးတက်လာအောင် ကျွန်တော်တို့ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ရမှာပါ။ ဘယ်လင်ဂမ်၊ ဆာကာတို့ လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံရတုန်းက သူတို့တွေဟာ သက်ဆိုင်ရာကလပ်တွေမှာ လုံလောက်တဲ့ ပွဲအရေအတွက် ပါဝင်ကစားခဲ့ကြတာဖြစ်ပြီး ကိုဘီမင်နူးဟာ ဘယ်လင်ဂမ်၊ ဆာကာတို့လို အနေအထားမျိုး မရောက်သေးပါဘူး”လို့ အရင် ပြောကြားခဲ့တာပါ။
ဒါပေမဲ့လည်း လီဗာပူးလ်နဲ့ FA ဖလားပွဲတုန်းက ကိုဘီ မိုင်နူး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဆောက်ဂိတ် တစ်ယောက် စိတ်ပြောင်းသွားပုံရပြီး လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ မိုင်နူးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ပရိသတ်တွေကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဟာဗေအယ်လီယက်ကို လျစ်လျူရှုပြီး ကိုဘီ မိုင်နူးကို ရွေးချယ်ခဲ့လို့ ဆောက်ဂိတ်အပေါ် မကျေမနပ်ဖြစ်နေကြပါတယ်။
အွန်လိုင်းမှာ လီဗာပူးလ်ပရိသတ်တွေက
‘အယ်လီယက်အစား ကိုဘီမိုင်နူး ကို အင်္ဂလန်အသင်းမှာ ရွေးချယ်ခဲ့တာက ဟာသပါပဲ . .’၊
‘အယ်လီယက်အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အယ်လီယက်ဟာ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်ပြီး အဲဒီအခွင့်အရေးရဖို့အတွက် စိတ်ရှည်ရှည်နဲ့စောင့်ခဲ့ရတာပါ’၊
‘ဆောက်ဂိတ်ဟာ ဆုံးဖြတ်ချက် မပြတ်သားတဲ့ နည်းပြလို့ ကျွန်တော် မြင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူက ကိုဘီမင်နူးကို အင်္ဂလန်အသင်းမှာ မရွေးဘူးဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်’လို့ ဝေဖန်ရေးသားနေခဲ့ကြပါတယ်။