တရား ရင်ဆိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့် ဘရန်ဒန် ဝီလီယံ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံကစားသမားလေး ဘရန်ဒန် ဝီလီယံတစ်ယောက် ပြီးခဲ့တဲ့နှစ် ကားတိုက်မှု ဖြစ်စဉ်အတွင်း တားမြစ်ဆေးအချို့ သုံးစွဲခဲ့ကြောင်း စွပ်စွဲခံခဲ့ရတာကြောင့် တရားရင်ဆိုင်ရမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဘရန်ဒန် ဝီလီယံ က လက်ရှိမှာတော့ ချန်ပီယံရှစ်ကလပ် Ipswich အသင်းထံ အငှား ထွက်ကစားနေပါတယ်။

ဝီလီယံဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပြင်းထန်တဲ့ ယာဉ်မတော်ဆမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါ ဖြစ်ရပ် မတိုင်ခင် ရယ်မောစေတဲ့ တားမြစ်ဓါတ်ငွေ့ Nitrous Oxide ကို ရှူရှိုက်ခဲ့ကြောင်း စွဲချက်တင်ခံထားရပါတယ်။

ဝီလီယံကတော့ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆန်ထားသလို ထို ယာဉ်မတော်တဆမှုကလည်း ၎င်းရဲ့ အမှားကြောင့် မဟုတ်ကြောင်း ပြန်လည် တုန့်ပြန်ထားကာ စွပ်စွဲချက်တွေကို ဆက်လက် ငြင်းဆန်သွားဖို့ စီစဉ်ထားပါတယ်။

မန်ယူအသင်း အကယ်ဒမီထွက် ဝီလီယံဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန်ယူအသင်း ပရိသတ်တွေရဲ့ မျှော်လင့်ချက် တစ်ခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းရာသီတွေမှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာကြောင့် မန်ယူအသင်းအတွက် စုစုပေါင်း ၅၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး ယခုလို အငှားထွက် ကစားနေရတာ ဖြစ်ပါတယ်။