ဂရင်းဝုဒ်အတွက် ရောင်းဈေးကို မန်ယူက မတန်တဆ သတ်မှတ်တယ်ဆိုပြီး အက်သလက်တီကို မကျေမနပ်ဖြစ်နေ
စပိန် လာလီဂါကလပ် အက်သလက်တီကို အသင်းဟာ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး လိုချင်နေတာကြောင့် အခက်တွေ့နေပါတယ်။
အသက် ၂၂ နှစ်သာရှိသေးသူ အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဒီရာသီအစက ဂီတာဖေးအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပြီးတော့ ခြေစွမ်းပြကစားနေပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေပေမဲ့ ယူနိုက်တက်အသင်းက မတန်တဆဈေး လိုချင်နေတာကြောင့် အခက်ကြုံနေတာဖြစ်တယ်လို့ စပိန် Mundo Deportivo သတင်းစာက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်သအင်းဟာ ဂရင်းဝုဒ်ကို ပေါင် ၄၉.၈ သန်းအထိရမှ ရောင်းချသွားဖို့ရှိပြီး အက်သလက်တီကိုအသင်းကတော့ အဲဒီဈေးက မြင့်မားလွန်းတယ်လို့ ယူဆနေတာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိစာချုပ်ကျန်ရှိနေပြီး ဂီတာဖေးနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးမဲ့ ရာသီကုန်ကျရင် ယူနိုက်တက်အသင်းကို ပြန်လည်ရောက်လာမှာဖြစ်သလို ယူနိုက်တက်အသင်းက ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားမလား၊ ဒါမှမဟုတ် အပြီးသတ်ရောင်းချသွားမလားဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။
ဂရင်းဝုဒ်ကို အလိုရှိတာကတော့ အက်သလက်တီကို တစ်သင်းတည်း မဟုတ်ဘဲ ဂီတာဖေးကလည်း အပြီး ခေါ်ချင်သလို ဘာစီလိုနာကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။